မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ရေဒီယိုသတ္တိကြွမှု ရှိမရှိ စောင့်ကြည့်စစ်ဆေးရန် လူ ၅၀၀ ကျော်ကို တရုတ်တာဝန်ပေး

မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ရေဒီယိုသတ္တိကြွမှု ရှိမရှိ စောင့်ကြည့်စစ်ဆေးရန် လူ ၅၀၀ ကျော်ကို တရုတ်တာဝန်ပေး

ပေကျင်း၊ ဇန်နဝါရီ ၁၁ ။              ။ စတုတ္ထမြောက်နျူကလီးယားစမ်းသပ်မှု ပြုလုပ်လိုက်ပြီဖြစ်ကြောင်း လွန်ခဲ့သည့် သီတင်းပတ်က မြောက်ကိုရီးယားက ကြေညာပြီးနောက် နယ်စပ်တစ်လျှောက် ရေဒီယို သတ္တိကြွမှုရှိမရှိ ၂၄နာရီ စောင့်ကြည့်စစ်ဆေးရန် တရုတ်က လူ ၅၀၀ ကျော်ကို တာဝန်ပေးအပ်လိုက်သည်။

ကြိုတင်သတိပေးခြင်းမရှိခဲ့သည့် ဇန်နဝါရီ ၆က မြောက်ကိုရီးယား၏ စမ်းသပ်မှုကြောင့် အမေရိကန်နှင့် တရုတ်တို့က ဒေါသထွက်ခဲ့ကြသည်။ သို့သော်လည်း အမေရိကန်အစိုးရနှင့် လက်နက်ကျွမ်းကျင် သူတို့က ဟိုက်ဒရိုဂျင်ဗုံးတစ်လုံးစမ်းသပ်ဖောက်ခွဲလိုက်သည်ဆိုသည့် မြောက်ကိုရီးယား၏ပြောကြားချက်ကို သံသယဝင်လျက်ရှိသည်။

မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက်တွင် စောင့်ကြည့်စစ်ဆေးသည့်စခန်း ၃၇ခုနှင့် ရွှေ့လျှားစခန်း ၁၄ခုတို့တွင် ရေဒီယိုသတ္တိကြွမှုကို စောင့်ကြည့်စစ်ဆေးရန် လူ ၅၀၀ ကျော်ကို တာဝန်ပေး လိုက်ပြီဟု တရုတ်သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၁၁ တွင် ထုတ်ပြန်လိုက်သည်။

နယ်စပ်တစ်လျှောက် နှင်းများဖုံးနေသော လမ်းတစ်လျှောက် ရေဒီယိုကြွမှုကို စောင့်ကြည့်စစ်ဆေးသော ယာဉ်တစ်စီးမောင်းနှင်နေပုံနှင့် နည်းပညာကိရိယာတပ်ဆင်မှုကို ရပ်လျက်ကြည့်နေသော အရာရှိတစ်ဦး၏ပုံကို ဝန်ကြီးဋ္ဌာနက ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

စမ်းသပ်မှုကြောင့် တရုတ်နိုင်ငံအပေါ်ထိခိုက်မှုရှိမရှိ ဖြစ်နိုင်ခြေကို အခြေခံကျကျ ချမှတ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဝန်ကြီးဋ္ဌာနက ဆိုသည်။ သို့သော်လည်း ယခုအချိန်အထိ ပုံမှန်မဟုတ်သည့် အရာများကို တွေ့ရှိခြင်းမရှိသေးကြောင်း ယင်းဋ္ဌာက ပြောကြားသည်။

ဝန်ကြီးဋ္ဌာနသည် လေထု၊ မြေထုနှင့် ဆီးနှင်းနမူနာများကို စမ်းသပ်စစ်ဆေးလျက်ရှိပြီး ၎င်းတို့၏ လက်ရှိအရေးပေါ်တုံ့ပြန်မှုလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယားကို စီးပွားရေးနှင့် သံတမန်ရေးတွင် အဓိက ကျောထောက်နောက်ခံလုပ်ပေးသည့်နိုင်ငံဖြစ်သော်လည်း မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုနှင့် စစ်ရေးခြိမ်းခြောက်မှုအပေါ် ဒေါသထွက်ကြောင်း အကြိမ်ကြိမ်ပြောကြားထားသည်။

မြောက်ကိုရီးယားအပေါ် အရေးယူသည့် ပြင်းထန်သည့် ကုလ၏ ပိတ်ဆို့ဒဏ်ခတ်မှုများအတွက် တရုတ်က လက်မှတ်ရေးထိုးထားသည်။ နယ်စပ်စစ်ဆေးမှုများပြုလုပ်ခြင်းအပါအဝင် ဒဏ်ခတ်မှုများကို လိုက်နာဆောင်ရွက်မည်ဟု တရုတ်က ပြောသည်။ သို့သော်လည်း တရုတ်သည် ပြုံယမ်းကို အကူအညီများစွာပေးနေဆဲဟု ကျွမ်းကျင်သူများနှင့် သံတမန်များက ပြောသည်။

မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုကြောင့် ၎င်း၏အနီးဝန်းကျင်ကို ထိခိုက်မှုရှိမည်ကို တရုတ်က စိုးရိမ်နေသကဲ့သို့ ဒေသတွင်းသို့ လက်နက်နှင့် တပ်ဖွဲ့ဝင်များ စေလွှတ်ရန် အမေရိကန်အတွက် အကြောင်းပြချက်တစ်ခုဖြစ်နေသည်။ မြောက်ကိုရီးယားအပေါ် တရုတ်က အကူအညီများရုပ်သိမ်းလိုက်ပါက မြောက်ကိုရီးယားဒုက္ခသည်များ တရုတ်နိုင်ငံအတွင်း ဝင်ရောက်လာမည်ကို တရုတ်ကျွမ်းကျင်သူအများအပြားက စိုးရိမ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly