အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာ ပြောစမှတ်တွင် ကျန်သည်ဟု Larry Jagan ဆို

အစိုးရ၏ ပြုပြင် ပြောင်းလဲမှုများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာ ပြောစမှတ်တွင် ကျန်သည်ဟု Larry Jagan ဆို
ဇွန် ၂၃ရက်က ရန်ကုန်မြို့ အောက်ပုဇွန်တောင်မြို့နယ် ၅၁လမ်းရှိ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတွင် ပြုလုပ်သည့် ‘  ၂၀၁၅  အထွေထွေရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းများ ဟောပြောပွဲ’တွင် တွေ့ရသည့်  Mr.Larry Jagan ။ ဓါတ်ပုံ ထက်ထက်အောင်။

ရန်ကုန် ၊ဇွန် ၊၂၄ ။   ။ လက်ရှိအစိုးရ၏ လုပ်ဆောင်ပေးခဲ့သည့် ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခု သာ အစိုးရ၏ ကောင်းမွန်သော လုပ်ဆောင်ချက်အဖြစ် ပြောစမှတ်တွင်စရာကျန်သည်ဟု  မြန်မာ့အရေး ကျွမ်းကျင်သူ Mr.Larry Jagan က သုံးသပ်ပြော ဆိုလိုက်သည်။

ဇွန် ၂၃ရက်က ရန်ကုန်မြို့ အောက်ပုဇွန်တောင်မြို့နယ် ၅၁လမ်းရှိ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတွင် ပြုလုပ်သည့် ‘  ၂၀၁၅  အထွေထွေရွေးကောက်ပွဲနှင့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းများ ဟောပြောပွဲ’တွင် ၎င်းကပြောခဲ့ခြင်းဖြစ်သည်။

Mr.Larry Jagan က ” လက်ရှိဦးသိန်းစိန် အစိုးရက တက်လာတုန်းက  မြန်မာ့ငွေကြေးကို နှုန်းရှင်ထားမယ် အထိပြောတယ်။ ဘာမှဖြစ်မလာဘူး၊ သက်တမ်းကုန်ခါနီးအထိ အမှတ်ရစရာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကလုပ်ရာမှာ မယုံနိုင်အောင် တိုးတက် မှုမြန်ဆန်လာတာတစ်ခုပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ အပစ်အခတ်လက်မှတ်ရေးထိုးနိုင်ဦးမယ် မထင်ဘူး”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး လွတ်လပ်ရေးရပြီး နှစ်လကျော်အကြာတွင် လက်နက်ကိုင် တော်လှန်ရေးများနိုင်ငံ အနှံ့ ပေါ်လာခဲ့သည်။

၁၉၆၂ ခုနှစ် ဦးနေဝင်းအစိုးရ တက်လာပြီးနောက် ၁၉၆၃ ခုနှစ်တွင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက်  စစ်အစိုးရနှင့် တော်လှန်ရေး အင်အားစု များတွေကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။

တိုင်းရင်းသားစည်းလုံးညီညတ်ရေးပါတီမဗဟိုကော်မတီဝင် ဦးဟန်ရွှေက“ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလက်ထက်မှာ ကတည်းက ငြိမ်းချမ်းရေးအတွက် လုပ်ခဲ့တာရှိတယ်။

အခုလို အပစ်အခတ်ရပ်စဲရေး အဆင့်အထိတောင်မရောက်ခဲံဖူးဘူး၊ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ လွတ်လပ်ရေးရပြီး ကတည်း က တောက်လျှောက် ပါလာတာ ဆိုတော့ ခု ၂နှစ် ၃နှစ်နဲ့တော့ မရနိုင်ပါဘူး၊ အခုအစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးကို ပြီးမြောက်မှ နောက်တက်လာမယ့် အစိုးရ လက်ထက်မှာ ကျန်တဲ့လုပ်ငန်းတွေဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးဖို့ မူဘောင်ချမှတ်တာ ၊နိုင်ငံရေးဆွေးနွေး ပွဲတွေလုပ်တာတွေ ဆက်လက်လုပ်ဆောင်သွားလို့ ရမှာဖြစ်တယ်။“ဟုဆိုသည်။

ငြိမ်းချမ်းရေးမရရှိပါက စစ်ဘေးသင့်ခံရသော ဒေသရှိပြည်သူ များဒုက္ခရောက်မည်ဖြစ်ပြီး မိမိတို့ပါတီအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုံးဝထောက်ခံကာ ပါဝင်ခွင့်ရသည့်နေရာမှ ပါဝင်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူးဒေါ်သန်းသန်းနုကလည်း ”အခုထိ ပစ်ခတ်နေကြတာ တွေရှိတုန်းပဲ၊ လုံးဝငြိမ်းချမ်းရေးတော့ မရသေးဘူးဆိုပေမယ့် အားလုံးက ကြိုးစားနေကြတယ်။ဒါပေမဲ့ လက်ရှိမှာ နည်းနည်းအထစ် အငေါ့တွေရှိလာတယ်။ဒီလောက်လုပ်လာပြီးမှ အထစ်အငေါ့တွေအတွက် တည်ဆောက်ပြီး သားကို ပြည်သူတွေ အတွက် စဉ်းစားပြီး မဖျက်ကြရင်တော့ အကောင်းဆုံးပဲ” ဟုဆိုသည်။

လက်ရှိအစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြောင်းလဲမှုများဆောင်ရွက်ခဲ့ ရာတွင် လုပ်ဆောင်ပေးရန်ကျန် ရှိနေမှုများ ရှိနေသေးသော်လည်း  ပြည်သူများ၏ ပညာရေး၊ကျန်းမာရေး အသုံးစရိတ်တးိုခြင်းများ၊နိုင်ငံရပ်ခြားနှင့် လွယ်လင့်တကူ ကူးလူးဆက်ဆံသွားလာ ဝင်ထွက်ခွင့်ရခြင်း စသဖြင့်ကောင်းကွက်များစွာရှိနေသည်ဟု ဒေါ်သန်းသန်းနုက ထောက်ပြ သုံးသပ် သည်။

အမျိုးသားဒီမိုကရေစီပါတီမှ ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းကမူ “ဒီနိုင်ငံရဲ့ အပြောင်းအလဲတွေက အများပြောမယ်ဆိုပြောချင် စရာပြော လို့ရလောက်အောင်ကို ပြည်သူတွေအတွက် တကယ်ပဲ အကျိုးရရှိမှုနည်းခဲ့ပါတယ်။  ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးပြော ရရင် လက်ရှိမှာလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေရော ပါတီတွေရော တကယ်ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ဆန္ဒှရှိရင် ရကိုရ မှာပါ။အခု ကြန့်ကြာနေတယ်ဆိုတာ စိတ်သဘောထားတွေမရှင်းကြလို့၊တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု လိုအပ်နေသေးလို့ဖြစ် တယ်”ဟုဆိုသည်။

Mr.Larry Jaganက မြန်မာနိုင်ငံသည်တိုင်းရင်းသားမျိုးနွယ်စုများ၊ဘာသာရေး ကွဲပြားမှုများနှင့်ပထဝီဝင်အရ တောင်ပေါ်မြေပြန့် ကွဲပားမှု များပြား၍ ဒေသခံများနှင့်သက်ဆိုင်ရာနယ်ပယ် ဒေသအလိုက် ချိတ်ဆက်ဆောင်ရွက်နေသည့်အရပ်ဘက်လူမှု အဖွဲ့ အစည်းများကိုလည်း အပစ်အခတ် ရပ်စဲရေးဆောင်ရွက် သည့်ဖြစ်စဉ်တွင် ပါဝင်စေဖို့လိုအပ်သည်ဟုလည်း ထောက်ပြပြော ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly