မြောက်ကိုရီးယားတွင် ထောင်ဒဏ်ကျခံနေရသည့် ကနေဒါဓမ္မဆရာ အလုပ်ကြမ်းစခန်းတွင် တစ်ကိုယ်တည်း ကျင်းများတူးနေရဟုဆို

မြောက်ကိုရီးယားတွင် ထောင်ဒဏ်ကျခံနေရသည့် ကနေဒါဓမ္မဆရာ အလုပ်ကြမ်းစခန်းတွင် တစ်ကိုယ်တည်း ကျင်းများတူးနေရဟုဆို

ဆိုးလ်၊ ဇန်နဝါရီ - ၁၁ ။           ။ အချုပ်ခြာအာဏာကို နှောင့်ယှက်ဖျက်စီးမှုဖြင့် မြောက်ကိုရီးယားတွင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသည့် ကနေဒါနိုင်ငံသား ခရစ်ယာန် ဓမ္မဆရာက စီအင်အင်နှင့် အင်တာဗျူးတွင် ပြောကြားချက်အရ ၎င်းမှာ အလုပ်ကြမ်းစခန်းတွင် တစ်နေ့ ၈နာရီ ကျင်းများ တူးနေခဲ့ရပြီး အခြားအကျဉ်းသား တစ်ဦးတစ်လေမျှကိုလည်း မတွေ့ခဲ့ရဟု ဆိုသည်။

တောင်ကိုရီးယားဖွား ကနေဒါနိုင်ငံသားတစ်ယောက်ဖြစ်ပြီး ကနေဒါ၏ အကြီးဆုံးဘုရားကျောင်းတစ်ခုတွင် ခေါင်းဆောင်သင်းအုပ်လည်းဖြစ်သည့် ဟွန် ဆူးလင်းကို မြောက်ကိုရီးယားက ယမန်နှစ် ဖေဖော်ဝါရီလ ကတည်းက ဖမ်းဆီးထားခဲ့ခြင်းပင် ဖြစ်သည်။ ဖမ်းဆီးချိန်တွင် အသက် ၆၀ရှိပြီဖြစ်သည့် လင်းကို မြောက်ကိုရီးယားအစိုးရအား ဖြုတ်ချရန်ကြိုးစားမှုဖြင့် ဒီဇင်ဘာလတွင် အလုပ်ကြမ်းနှင့် ထောင်တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

‘နဂိုကတည်းက ကျနော်ဟာ ကာလအလုပ်သမားမဟုတ်ခဲ့တော့ အစမှာတော့ ကာယအလုပ်ဟာ ကျနော့အတွက် ခက်ခဲခဲ့ပါတယ်။ အခုတော့ ကျင့်သားရသွားပါပြီ’ဟု လင်းက ကိုရီးယားဘာသာဖြင့် ပြောကြားခဲ့သည်။

လင်းကို စွဲဆိုသည့် စွဲချက်များမှာ မကွဲပြားေ၀ဝါးနေသော်လည်း မြောက်ကိုရီးယား၏ ခေါင်းဆောင်မျိုးဆက်သုံးဆက်ကို ၎င်း၏ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုနှင့် ပတ်သက်နေနိုင်ဖွယ်ရှိသည်ဟု လင်းက ပြောကြားခဲ့သည်။

‘ဒီအစိုးရရဲ့ အာဏာ၊ စနစ်နဲ့ အမိန့်ကို ကျနော် ချိုးဖောက်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်’’ဟု လင်းက တနင်္လာနေ့က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင်များ၏ မကောင်းကြောင်းပြောခြင်းမှာ လင်း၏ အကြီးမားဆုံး ရာဇဝတ်မှုလားဟု မေးမြန်းသည့်အခါတွင် ထိုသို့ပင်ဖြစ်နိုင်ကြောင်း လင်းက ပြန်လည်ဖြေကြားခဲ့သည်။

ပြုံယမ်းဟိုတယ်တစ်ခုတွင် အင်တာဗျူးခံခဲ့သည့် လင်းမှာ ဆံပင်ကို တိုတိုညှပ်ထားပြီး ရင်ဘတ်တွင် ၀၃၆ဟု တံဆိပ်ကပ်ထားသည့် မီးခိုးရောင် ထောင်ယူနီဖောင်းကို ဝတ်ဆင်ထားကာ တစ်နေ့လျှင် ၈နာရီ အလုပ်လုပ်ရကြောင်းနှင့် အလုပ်ကြမ်းစခန်းတွင် တစ်ပတ်ရင်၆ရက် ကျင်းများကို တူးနေခဲ့ရပြီး အခြားအကျဉ်းသား တစ်စုံတစ်ယောက်ကိုမျှ မမြင်ရကြောင်း စီအင်အင်သို့ ပြောကြားခဲ့သည်။

မျက်နှာထားတင်းတင်းနှင့် အစောင့်နှစ်ယောက်က သူ့ကို အခန်းတစ်ခုအတွင်းသို့ ခေါ်သွားပြီး ထိုင်ခိုင်း၊ ထို့နောက်ထခိုင်း၊ ထို့နောက် ထိုင်ခိုင်းပြန်သည်ဟု ဆိုသည်။

လင်းမှာ တစ်နေ့ ထမင်းသုံးနပ်စားရပြီး ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလည်း ရရှိသည်ဟု စီအင်အင်က ပြောကြားသည်။ သူ၏ ကျောင်းတော်ကမူ လင်းမှာ ပြင်းထန်သော သွေးတိုးရောဂါ ရှိနေသည်ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly