အင်္လကာကျော်စွာ ရွှေမန်းတင်မောင်၏ သား ဇာတ်သဘင်နှင့် ရုပ်ရှင် မင်းသားကြီး ဦးဝင်းဗိုလ် အစာအိမ် ရောဂါဖြင့် ကွယ်လွန်

အင်္လကာကျော်စွာ ရွှေမန်းတင်မောင်၏ သား ဇာတ်သဘင်နှင့် ရုပ်ရှင် မင်းသားကြီး ဦးဝင်းဗိုလ် အစာအိမ် ရောဂါဖြင့် ကွယ်လွန်

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။ ။ နိုင်ငံကျော် သဘင် ပညာရှင် အင်္လကာ ကျော်စွာ ရွှေမန်း ဦးတင်မောင်၏ သား မင်းသားကြီး ဦးဝင်းဗိုလ်သည် ဇန်နဝါရီ ၁၁ရက်တွင် နံနက် ၆ နာရီ မိနစ် ၅၀ခန့်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံ၌ အစာအိမ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ 

မင်းသားကြီး ဝင်းဗိုလ်သည် အစာအိမ်၌ အနာဖြစ်သောကြောင့် ပြီးခဲ့သည့် လအနည်းအငယ်ခန့်ကတည်းက ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရသည်။ ခွဲစိတ် ကုသပြီး နောက်ပိုင်းတွင် နှလုံးရောဂါ၊ သွေးတိုး ရောဂါများ ထပ်မံ ဝင်ရောက်လာ၍ ကျန်းမာရေး အခြေအနေ ပြန်လည် စိုးရိမ်ခဲ့ရပြီး ဝိတိုရိယ ဆေးရုံတွင် တက်ရောက်ကုသနေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ သားဖြစ်သူ စည်သူဗိုလ်က "အဖေက စဖြစ်တာကတော့ အစာအိမ် ရောဂါပါ။ နောက်တော့ ကင်ဆာလို ဖြစ်လို့ ခွဲစိတ်ပြီး ကုသတယ်။ အနာမကျက်ခင်မှာ တခြား ရောဂါတွေပါ ဝင်လာတယ် နှလုံးရောဂါ အခံလည်းရှိတော့ ရောဂါတွေ စုံသွားတာပါ။ အဖေက ငြိမ်းချမ်းတဲ့ ဘုံဘဝကို ရောက်ရှိ သွားတာပေါ့" ဟု ပြောသည်။
 
ကွယ်လွန်ချိန်တွင် အသက် ၇၂နှစ် ရှိပြီ ဖြစ်ပြီး အလင်္ကာ ကျော်စွာ ရွှေမန်း ဦးတင်မောင်၏ ဒုတိယမြောက် သားကြီး ဖြစပြီး အကယ်ဒမီ မင်းသားကြီး ဦးညွန့်ဝင်း၏ ညီဖြစ်သူ၊ ဦးဆန်းဝင်း၊ ဦးဝင်းမောင် ၊ ဦးချမ်းသာတို့၏ အစ်ကိုကြီးလည်း ဖြစ်သည်။
 
ဦးဝင်းဗိုလ်သည် မန္တလေးတိုင်းဒေသကြီး တောင်ပြုံး ခပိုင်ရွာတွင် မွေးဖွားခဲ့ပြီး သစ္စာမေတ္တာ ရွှေမန်းသဘင်တွင် ပါဝင် ကပြခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သူ တစ်ဦး ဖြစ်သလို ဇာတ်ကားများတွင် ရုပ်ရှင်မင်းသား အဖြစ် ပါဝင် ရိုက်ကူး ခဲ့သူလည်း ဖြစ်သည်။ ဦးဝင်းဗိုလ်သည် လက်ရှိတွင် ရန်ကုန်၌ နေထိုင်ခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင် ကျော်ကျော်ဗိုလ် အပါအဝင် သားသမီး ၆ဦး ထွန်းကားခဲ့သည်။

ဇာတ်သင်နှင့် ရုပ်ရှင် မင်းသားကြီး ဝင်းဗိုလ်၏ ရုပ်ကလာပ်ကို ဇန်နဝါရီ ၁၃ ရက်တွင် ရေဝေးသုဿန်၌ သဂြိုလ် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly