လေဆိပ်များ တည်ဆောက်ရေးအတွက် တရုတ်က ဒေါ်လာ ၁၂ ဘီလျံနီးပါး အသုံးပြုမည်

လေဆိပ်များ တည်ဆောက်ရေးအတွက် တရုတ်က ဒေါ်လာ ၁၂ ဘီလျံနီးပါး အသုံးပြုမည်

ပေကျင်း၊ ဇန်နဝါရီ ၁၁ ။             ။ ယခုနှစ်တွင် လေဆိပ်သစ်များတည်ဆောက်ရေးအတွက် တရုတ်က ဒေါ်လာဘီလျံများစွာ အသုံးပြုမည်ဖြစ်သည်။ တရုတ်၏ အရပ်ဘက်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယခုနှစ်တွင် အရပ်ဘက်လေကြောင်းအခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလျံ အသုံးပြုမည်ဟု သိရသည်။

ပေကျင်း၊ ချန်တူး၊ ချင်တောင်း၊ ရှာမင်နှင့် တာ့လျံတို့တွင် တည်ဆောက်မည့် လေဆိပ်သစ်များအပါအဝင် အရေးကြီးသော လေဆိပ်သစ်များ တည်ဆောက်ရေးကို အရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းအေဂျင်စီက ပြောကြားခဲ့သည်။ ထို့အပြင် ယခုနှစ်တွင် အဓိကကျသော အခြေခံအဆောက်အအုံစီမံကိန်း ၁၁ခုနှင့် အရပ်ဘက်လေကြောင်းအဆောက်အဦ အဆင့်မြင့်တင်မှုလုပ်ငန်း ၅၂ ခုတို့ကို အကောင်အထည်ဖော်မှု စတင်မည်ဖြစ်သည်။

တရုတ်အရပ်ဘက်လေကြောင်းသမိုင်းတွင် အကြီးမားဆုံးတည်ဆောက်ရေးစီမံကိန်းဖြစ်သော ပေကျင်း၏ ဒုတိယမြောက် နိုင်ငံတကာလေဆိပ်လုပ်ငန်းခွင်မှာလည်း တိုးတက်မှုများရှိနေပြီဟု အေဂျင်စီက ဆိုသည်။

၎င်းလေဆိပ်ကို ၂၀၁၉ခုနှစ် ဇွန်လတွင် အပြီးသတ်ရန် စီစဉ်ထားပြီး ထိုနှစ် ဒီဇင်ဘာတွင် လုပ်ငန်းလည်ပတ်မည်ဖြစ်သည်။ တရုတ်သည် လာမည့်ငါးနှစ်အတွင်း အရပ်ဘက်လေဆိပ်သစ် ၆၆ ခုတည်ဆောက်ရန် စီစဉ်နေပြီး တရုတ်ပြည်မကြီးတွင် ယင်းသို့လေဆိပ်များ ၂၀၆ခုမှ ၂၇၂ခုအထိရှိလာမည်ဟု သိရသည်။

ယင်းသို့လုပ်ဆောင်ခြင်းမှာ လေကြောင်းဖြင့် ခရီးသွားမှုမြင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု အေဂျင်စီက ပြောသည်။ တရုတ်ခရီးသွားများသည် လွန်ခဲ့သည့်နှစ်က ပြည်တွင်းခရီးစဉ်များတွင် သွားလာမှု လေးဘီလျံကျော်ရှိခဲ့သည်ဟု အမျိုးသားခရီးသွားလုပ်ငန်းအုပ်ချုပ်ရေးအဖွဲ့က ပြောသည်။ ထို့အပြင် ပြည်ပခရီးစဉ်မှာ သန်း ၁၂၀ကျော်ရှိခဲ့ပြီး ယခင်တစ်နှစ်ကထက် ၁၆ ရာခိုင်နှုန်းတက်လာသည်။

လေဆိပ်များတွင် ကြီးမားစွာ ရင်းနှီးမြုပ်နှံခြင်းက လေကြောင်းကဏ္ဍရှိ အဓိကပြသနာကို ဖြေရှင်းနိုင်ဖွယ်ရှိသည်။ တရုတ် လေဆိပ်များနှင့် လေကြောင်းလိုင်းများသည် အချိန်မှန်မှုတွင် ကမ္ဘာ့ပေါ်၌ အဆိုးဝါးဆုံးဖြစ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ လေကြောင်းခရီးသွားလာမှုကို လေ့လာသည့် အမေရိကန်အခြေစိုက်ကုမ္ပဏီတစ်ခုက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly