ဒို့တာဝန်အရေးသုံးပါးဖြင့် ကရင်ပြည်နယ် တိုးတက်ရေး ဆောင်ရွက်ရန် သမ္မတတိုက်တွန်း

ဒို့တာဝန်အရေးသုံးပါးဖြင့် ကရင်ပြည်နယ် တိုးတက်ရေး ဆောင်ရွက်ရန် သမ္မတတိုက်တွန်း

ဓလေ့ထုံးစံများကို ကာကွယ်ဖော်ထုတ်ခြင်းသည် အစဉ်အလာကောင်းဖြစ်

ဇန်နာဝါရီလ ၁၁ ရက် ။            ။ ကရင်ပြည်နယ်အတွင်းနေထိုင်ကြသူ တိုင်းရင်းသားပေါင်းစုံအနေဖြင့် ပြည်နယ်ဘက်စုံဖွံ့ဖြိုးရေးအတွက် ဒို့တာဝန် အရေးသုံးပါးကို အစဉ်အလေးထားပြီး စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်သွားကြရန် သမ္မတဦးသိန်းစိန်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ပြောကြားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌလည်းတက်ရောက်ပြီး ဇန်နာဝါရီ ၁၀ ရက်နေ့က ဘားအံမြို့ သီရိကွင်း၌ ကျင်းပ သော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနား၌ နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အစဉ် အလေးထားပြီး ကရင်ပြည်နယ်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပြည်နယ် တစ်ခုဖြစ်စေရန် ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းသည်။

ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်းသွားပြီး ရေရှည် ဖြစ်ထွန်းရေးအတွက် "ပြည်ထောင်စုစိတ်ဓာတ်" သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ် ထိန်းသိမ်းစောင့်ရှောက်ရမည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ဖြစ်သည်ဟုလည်း ပြောသည်။

ဇန်နာဝါရီ ၁၀ ရက်နေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၅၅ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဘားအံမြို့ အခမ်းအနားကို ကရင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့များက ကရင်ရိုးရာ ကျွဲချိုမှုတ်ပြီး ဖားစည်တီး၍ ဖွင့်လှစ်ပေးသည်။

ကရင်နှစ်သစ်မင်္ဂလာကျင်းပရာတွင် ရိုးရာဓလေ့အတိုင်း အတီးအမှုတ်၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ သက်ကြီးဝါကြီး ဘိုးဘွားများအား ဂါရဝပြု ကောက်သစ်စားသောက်ဖွယ်များဖြင့် ပူဇော်ကန်တော့ ကျွေးမွေးခြင်း၊ ပစ္စည်းများလှူဒါန်းခြင်း၊ ဆုတောင်းမေတ္တာပို့ခြင်း စသည့် မွန်မြတ်သော ရိုးရာယဉ်ကျေးမှုကို ပေါ်လွင်စေသည်ဟု သမ္မတကဆိုသည်။

"မိမိတို့ချစ်မြတ်နိုးသော ကိုယ်ပိုင်ယဉ်ကျေးမှု အစဉ်အလာကောင်းများကို စောင့်ရှောက်ဖော်ထုတ်မြှင့်တင်ခြင်း၊ မိမိ အမျိုးသားစာပေ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ် ဖော်ထုတ်ခြင်းတို့ သည်လည်း ကောင်းမြတ်သော အစဉ်အလာကောင်း ဖြစ်သည်ဟုလည်း ပြောကြားသေးသည်။

အခမ်းအနားသို့ သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးစိုးသိန်း၊ ဦးခင်မောင်စိုး၊ ဦးကျော်လွင်၊ ဒေါက်တာသန်းအောင်၊ ဦးရဲထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်မင်းနောင် တို့လည်း ရန်ကုန်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ ရဟတ်ယာဉ်များဖြင့် သွားခဲ့ကြခြင်းဖြစ်သည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားပြီးနောက် ဆက်လက်ကျင်းပသည့် ကောက်သစ်စားပွဲတော်ကို သမ္မတ ဦးသိန်းစိန်နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ တို့က ငြိမ်းချမ်းရေးချိုးငှက်များလွှတ်၍ ဖွင့်လှစ်ပေးပြီး ကရင်ရိုးရာ အစားအသောက်များကို အတူတကွ သုံးဆောင်ကြသည်။

ယင်းနောက် သမ္မတနှင့် အဖွဲ့သည် ကရင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်ရှိ ရှေးဟောင်းအမွေအနှစ်ပြခန်းများကို သွားရောက်လေ့လာကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ဘားအံတက္ကသိုလ်၌ ဘားအံတက္ကသိုလ်၊ အစိုးရနည်းပညာတက္ကသိုလ်၊ အစိုးရကွန်ပျူတာတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ စက်မှုအထက်တန်းကျောင်းနှင့် စိုက်ပျိုးရေးအထက်တန်းကျောင်းတို့မှ ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံရာတွင် ကျောင်းသားကျောင်းသူများကို စည်းကမ်းနှင့် ကိုယ်ကျင့်တရား ကောင်းစေရန် ပျိုးထောင်ပေးရေး၊ 'ပြည်ထောင်စုစိတ်ဓာတ်' ရှိစေရေး သင်ကြားပေးရန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး သမ္မတဦးသိန်းစိန်က ဘားအံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ မြရွှေဝါကျောင်းဆောင် သစ်ဖွင့်ပွဲသို့ တက်ရောက်သည်။

ပြည်နယ်ခေတ္တဝန်ကြီးချုပ်က တည်ခင်းသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ညစာစားပွဲအပြီး ဖျော်ဖြေ တင်ဆက်ကြသည့် ဘားအံမြို့နယ် ဂီတအစည်းအရုံးဝင်များနှင့် ဘားအံပညာရေးကောလိပ်မှ သင်တန်းသူသင်သန်းသား များအား တစ်ဖွဲ့လျှင် ဂုဏ်ပြုပန်းခြင်းများနှင့် ငွေကျပ် ၂၅ သိန်းစီ ချီးမြှင့်ခဲ့သည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly