Miss Myanmar International 2015 ပြိုင်ပွဲ အတွက် ဆန်ခါတင်၂၀ ရွေးချယ်ပွဲ ဇူလိုင်တွင် ပြုလုပ်မည်

Miss Myanmar International 2015 ပြိုင်ပွဲ အတွက် ဆန်ခါတင်၂၀ ရွေးချယ်ပွဲ ဇူလိုင်တွင် ပြုလုပ်မည်
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Tourism federation)မှကြီးမှုးကျင်းပသော Miss Myanmar International 2015 ပြိုင်ပွဲ ကျင်းပပြုလုပ်ရန် စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက် နေ့လည် ၃ နာရီ က ရန်ကုန်မြို့ရှိ Summit Parkview Hotel တွင်ပြုလုပ်ကျင်းပနေစဉ်။(ဓာတ်ပုံ သက်ကို ၊မဇ္စျိမ)

ရန်ကုန် ၊ ဇွန် ၂၄ ။    ။ Miss Myanmar International 2015 ပြိုင်ပွဲ အတွက် ဆန်ခါတင် အယောက် ၂၀ ရွေးချယ်မှုကို လာမည့် ဇူလိုင်လ တတိယ အပတ်တွင် ပြုလုပ် သွားမည်ဖြစ်သည်။

အဆိုပါ Miss Myanmar International 2015 ပြိုင်ပွဲတွင် ဆုရရှိသူသည် လာမည့်  နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ၌ ကျင်းပ ပြုလုပ် မည့် Miss International Beauty Pageant 2015 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Miss Myanmar International 2015 ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲကို ဇွန်လ ၂၄ရက် နေ့လည် ၃နာရီတွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ထိုပြိုင်ပွဲကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ကြီးမှုး ကျင်းပ၍ Myanmar Tourism Marketing မှ ပွဲစီစဉ်သူ  အဖြစ် တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွား မြှင့်တင်ရေး ကဏ္ဍများတွင် မြန်မာအမျိုးသမီးများမှ တစ်တပ်တစ်အား ပါဝင်လာခြင်းကို မြှင့်တင်ခြင်း ၊ မြန်မာနိုင်ငံ အတွင်းမှ စိတ်ဝင်စားဖွယ်ရာ ဒေသများကို ဖော်ထုတ် ပေးလိုခြင်း အစရှိသည့် ရည်ရွယ်ချက် များဖြင့် Miss Myanmar International 2015 ပြိုင်ပွဲကို ကျင်းပ ပြုလုပ် ရခြင်း ဖြစ်သည်။

Miss Myanmar International 2015 ပြိုင်ပွဲ ဖြစ်မြောက်ရေး ဥက္ကဌ ဒေါ်တင်မာမြင့်က "နန်းခင်ဇေ ယျာ လက်ထက် ကတည်းက စပြီး ကျင်းပ လာခဲ့တာ အခုဆို ၄ကြိမ် ရှိပါပြီ။ အခု ၂၀၁၅ ခုနှစ် အတွက် ဖောင်တွေ စပြီး ယူလို့ ရပြီ ဖြစ်သလို ဖောင်ပိတ်ရက်ကို ဇူလိုင် ၁၄ရက်မှာ သတ်မှတ် ထားပါတယ်။ ဆန်ခါတင် ရွေးချယ် ခံရတဲ့ အလှမယ် အယောက် ၂၀ကို သြဂုတ်လ ပထမ အပတ်က စပြီး Camp (စခန်းသွင်း) လေ့ကျင့် ပေးသွားမှာပါ" ဟု ပြောသည်။

ပြိုင်ပွဲ အတွက် ဆန်ခါတင် အယောက် ၂၀ ရွေးချယ်ပြီးသည့် အခါတွင် နောက်ဆုံး ပြိုင်ပွဲ၌ ၁၀ယောက် ထပ်မံ ရွေးချယ်မည်ဖြစ် ပြီး နောက်ထပ် ၈ယောက် ထပ်မံ ရွေးချယ်ကာ နောက်ဆုံးတွင် ဆန်ခါတင် ၃ဦးကို ရွေးချယ်ပြီး ဆုများ ချီးမြှင့် သွားမည် ဖြစ်သည်။

Miss Myanmar International 2015 အဖြစ် ရွေးချယ်ခြင်း ခံရသူသည် သရဖူ နှင့် ငွေကျပ် သိန်း ၁၀၀ ရရှိ မည် ဖြစ်ပြီး 1st runner up ၊ 2nd runner up အဖြစ် ရွေးချယ် ခံရသူများကိုလည်း သက်ဆိုင်သည့် ဆုကြေးငွေများ ပေးအပ် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ Miss International Beauty Pageant ပြိုင်ပွဲ အတွက် ၂၀၁၂ ခုနှစ်တွင် နန်းခင်ဇေယျာကို ပထမဆုံး စေလွှတ် ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် အလှမယ် ဂုဏ်ရည်အေးကျော်ကို ၊ ၂၀၁၄ ခုနှစ် မှာတော့ 1st runner up မေဘရဏီသော်ကို စေလွှတ် ခဲ့သည်။

စတုတ္ထအကြိမ်မြောက် Miss Myanmar International 2015 ပြိုင်ပွဲကို ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး Miss International Beauty Pageant 2015 ပြိုင်ပွဲကို တော့ နိုဝင်ဘာ ၅ရက် တွင် ဂျပန်နိုင်ငံရှိ Shinagawa Prince Hotel ၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly