နန်းမြို့တော် မန္တလေးသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှု ၂၆ ရာခိုင်နှုန်းကျော် တက်လာ

နန်းမြို့တော် မန္တလေးသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှု ၂၆ ရာခိုင်နှုန်းကျော် တက်လာ
ပုံစာ- မန္တလေးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် တောင်သမန်အင်းရှိရာ ဦးပိန်တံတားပေါ်တွင် နိုင်ငံခြားခရီးသွားများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ဟိန်းထက်/အီးပီအေ)

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နန်းမြို့တော်ဟောင်းဖြစ်သည့် မန္တလေးသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ၂၀၁၄ ခုနှစ်အတွင်းက ၂၄၂၅၆၆ ဦးရေရှိခဲ့ရာမှ ၂၀၁၅ တွင် ၃၀၆၄၃၂ ဦးရေသို့ ရောက်ရှိခဲ့ရာ ၂၆ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း မန္တလေးဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဌာနက ဇန်နဝါရီ ၉ ရက်က ထုတ်ပြန်သည်။

အများစုလာရောက်ကြသည့် ခရီးသွားဧည့်သည်များမှာ တရုတ်၊ ထိုင်း၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့မှ ခရီးသွားဧည့်သည်များဖြစ်ကြသည်။

၂၀၁၆ ခုနှစ်အတွက် ခရီးသွားဧည့်သည်ဝင်ရောက်မှုသည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ တွင်ကျယ်ခြင်းနှင့် ကမ္ဘာနှင့် အာဆီယံစီးပွားရေးတို့အပေါ်တွင် တည်မှီနေကြောင်း ယင်းဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် မကုန်မီ နိုဝင်ဘာလအတွင်းက ယင်းဌာနက ပြောကြားထားရာတွင် ၂၀၁၅ ဇန်နဝါရီမှ အောက်တိုဘာလအတွင်း မန္တလေးသို့ လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသွားဦးရေက ၂၂၄၃၅၈ ဦးရှိခဲ့ရာ တမန်နှစ် ၂၀၁၄ အလားတူကာလအတွင်း ၁၆၅၀၀၀ ရှိခဲ့သည်နှင့် နှိုင်းယှဉ်လျှင် ၃၅ ရာခိုင်နှုန်းတက်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ထိုကြောင့် ၂၀၁၅ တစ်နှစ်အတွက် မန္တလေးသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုကို ၃၀၀၀၀၀ အထိ ရှိလာမည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်ပြီး ယခုအမှန်လာရောက်သည့် အရေအတွက်သည် ခန့်မှန်းထားသည်ထက်ပင် ကျော်လွန်လာခဲ့သည်။

မန္တလေးမြို့သို့ အပြည်ပြည်ဆိုင်ရာ လေယာဉ်များနှင့် လေကြောင်းလိုင်းများအား တိုးချဲ့ပျံသန်းနိုင်ရေးအတွက်ကိုလည်း စီစဉ်လျက်ရှိနေကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိ၌ မန္တလေးမြို့သို့ ပျံသန်းဝန်ဆောင်မှုပေးနေသည့် လေကြောင်းခရီးစဉ်များမှာ ပြည်တွင်းလေကြောင်းလိုင်း ရှစ်လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ငါးလိုင်း ရှိထားပြီးဖြစ်သည်။

မန္တလေးမြို့သည် နောက်ဆုံးကောက်ခံသည့် သန်းခေါင်စာရင်းအရ လူဦးရေ ၁ ဒသမ ၂ သန်းရှိကြောင်း သိရသည်။

Ref: Global New Light of Myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly