ဝါဝါဝင်းရွှေ ရုပ်ရှင် ထုတ်လုပ်ရေးမှ လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည်

ဝါဝါဝင်းရွှေ ရုပ်ရှင် ထုတ်လုပ်ရေးမှ လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးမည်

ရန်ကုန်၊ ဇန်နဝါရီ ၄ ။                ။ ဝါဝါဝင်းရွှေ ရုပ်ရှင် ထုတ်လုပ်ရေးမှ စီစဉ်သည့် လရောင်ဖြာတဲ့အင်းလေးမှာ အမည်ရှိ ရုပ်ရှင် ဇာတ်ကားကြီးကို မြန်မာ နှစ်ဆန်း တစ်ရက်နေ့တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှ အင်းလေး၌ သွားရောက် ရိုက်ကူးမည် ဖြစ်သည်။

ထို ဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်မှ အင်းလေးတွင် သွားရောက် ရိုက်ကူး ပုံဖော်မည် ဖြစ်ပြီး ဇာတ်လမ်း ၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ တက်မြတ်နိုင်ဇင် ဖြစ်ပြီး တွဲဖက်ဒါရိုက်တာ အဖြစ် ဝင်းထွဋ်ဝင်း ဖြစ်သည်။

သရုပ်ဆောင်များ အဖြစ် အကယ်ဒမီ နေတိုး၊ ဝါဇင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ မေသဉ္ဇာဦး၊ လူမုန်း၊ ဟိဏ်းမင်း၊ ပြည့်စုံမင်း၊ အိအိစိုး နှင့် သရုပ်ဆောင်များစွာမှ ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်သည်။  

"ဒါရိုက်တာ အနေနဲ့ ကျွန်တော့ကို ယုံကြည်စွာ တာဝန်ပေးတဲ့အတွက် ပီတိ ဖြစ်မိပါတယ်။ ဒီကားကို အကောင်းဆုံး ဖြစ်အောင် ရိုက်ကူးသွားမှာပါ။ ဒီဇာတ်ထဲမှာ ရသအစုံပါမယ်။ ထိတ်လန့် တုန်လှုပ်စရာလည်းပါမယ်။ သနားစရာလည်း ပါမယ်။ ချစ်ခြင်းမေတ္တာလည်း ပါမယ်။ အဲတာတွေပါအောင် ဖန်တီးပြီး ရိုက်ကူးသွားမှာပါ" ဟု ပြောသည်။

ဇာတ်ကားတွင် နေတိုးမှ နှစ်ကိုယ်ခွဲ အဖြစ် ပါဝင် သရုပ်ဆောင်မည် ဖြစ်ပြီး ဝါဇင် နှင့် ဝတ်မှုံရွှေရည်မှာ မောင်နှမ အဖြစ် ပါဝင် သရုပ်ဆောင်ကြမည် ဖြစ်ကာ မိသားစု မေတ္တာ ၂၅၈ တွင် ၁၅၀၀ ဆိုသည့် အရာ ပါဝင်လာသည့် အခါမှာတော့ ပြဿနာတွေ ပေါ်ပေါက်လာပုံကို ဒါရိုက်တာမှ အင်းလေးဒေသ၏ သဘာဝ ပုံရိပ်များဖြင့် ရိုက်ကူး ပုံဖော်သွားမည် ဖြစ်သည်။

သရုပ်ဆောင် နေတိုးက " ဒီကားမှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်မှုအတွက် ထွေထွေထူးထူး ပြင်ရတာတော့ မရှိပါဘူး။ ဒီကားက အချစ် နဲ့ ဒရမ်မာ ဇာတ်ကား တစ်ကားကို တင်ပြမှု ပုံစံကို ခေတ်နဲ့ လျောညီအောင် ပြောင်းလဲထားတယ်လို့ မြင်ပါတယ်။ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် နဲ့ အကောင်းဆုံး လက်တွဲပြီး ရိုက်ကူး သွားမှာပါ" ဟု ပြောသည်။

လရောင်ဖြာတဲ့ အင်လေးမှာ ရုပ်ရှင် ဇာတ်ကားကြီးကို လက်ခံ ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဝတ်မှုံရွေရည် က "အဓိကကတော့ ပရိသတ်အတွက် အသစ်အဆန်း ခံစားချက်တစ်ခု ဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုကေးရှင်းပေါ့ အင်းလေးမှာ ရိုက်တဲ့ကားဆိုတာလည်း ရှားတယ်။ ကြည့်ရတဲ့သူတွေ အတွက်လည်း အမြင်ဆန်းမယ်လို့ ထင်တယ် ။ဇာတ်ကား တစ်ခုလုံးက အင်းလေး ဇာတ် ဖြစ်နေတဲ့အတွက် ပရိသတ်တွေအတွက်လည်း ထူးခြားမှုလေး ရှိမယ်လို့ မျှော်လင့်ပြီးတော့ လက်ခံလိုက်တာပါ" ဟု ပြောသည်။

လရောင်ဖြာတဲ့အင်းလေးမှာ ရုပ်ရှင်ဇာတ်ကားကြီးကို နှစ်ဆန်း တစ်ရက်နေ့တွင် အင်းလေး၌ စတင် ရိုက်ကူးသွားမည် ဖြစ်ပြီး အင်းလေး၏ သဘာဝအလှ ၊ ရိုးရာ ယဉ်ကျေးမှု ပုံရိပ်များစွာကို ပရိသတ်များ အနေဖြင့် ကြည့်ရှုရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly