မြန်မာနိုင်ငံမှ အလှမယ် အဖြစ် ဝါသနာပါသူများကို စင်္ကာပူနိုင်ငံတွင် အလှမယ် ပြိုင်ပွဲပြုလုပ်ပေးမည်

မြန်မာနိုင်ငံမှ အလှမယ် အဖြစ် ဝါသနာပါသူများကို စင်္ကာပူနိုင်ငံတွင် အလှမယ် ပြိုင်ပွဲပြုလုပ်ပေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ။            ။ အလှမယ် အဖြစ် ဝါသနာပါသူများ အတွက် Queen Organization မှ Miss Myanmar Singapore International 2016 ပြိုင်ပွဲကို မတ်လ ၂၀ရက်တွင် စင်္ကာပူ နိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည် ဖြစ်သည်။

Miss Myanmar Singapore International 2016 ပြိုင်ပွဲကို မတ်လ ၂၀ရက်တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပမည့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇန်နဝါရီ ၉ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

Queen Organization မှ မဟန်နီမင်းမင်းက " ဒီပြိုင်ပွဲအတွက် ဝါသနာပါတဲ့ သူတွေကို စင်္ကာပူမှာ Miss Myanmar Singapore International 2016 ပြိုင်ပွဲ ပြုလုပ် ပေးတာပါ။  မြန်မာနိုင်ငံက အလှမယ်အဖြစ် ဝါသနာပါတဲ့ သူတွေကို နေရာ တစ်နေရာရအောင် လုပ်ပေးချင်တဲ့ သဘောပါ။ မြန်မာနိုင်ငံက မိန်းကလေးတွေ ဘယ်လောက် လှလဲ ဆိုတာကို စင်္ကာပူနိုင်ငံက လူတွေရော   နိုင်ငံတကာကပါ သိအောင် လုပ်ပေးချင်တယ်" ဟု ပြောသည်။  

လက်ရှိ အလှမယ် ပြိုင်ပွဲများသည် မြန်မာနိုင်ငံတွင် ကိုယ်စားပြု အလှမယ် အဖြစ် ရွေးချယ်ခံရပြီး နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး ယခု Miss Myanmar Singapore International 2016 ပြိုင်ပွဲသည် မြန်မာနိုင်ငံမှ အလှမယ် အဖြစ် ဝါသနာပါသည့် အလှမယ်များကို စင်္ကာပူနိုင်ငံသို့ ခေါ်ဆောင်ပြီး ပြိုင်ပွဲ ကျင်းပပေးခြင်း ဖြစ်သည်။

ပြိုင်ပွဲအတွက် ဝါသနာပါသူများသည် Miss Myanmar Singapore International 2016 ဖေ့ဘုတ်စာမျက်နှာတွင် ဖောင်များ အခမဲ့ ရယူနိုင်ပြီး မြန်မာနိုင်ငံအပြင် စင်္ကာပူမှ အလှမယ်အဖြစ် ဝါသနာပါသည့် မြန်မာလူမျိုးများလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။

"မြန်မာနိုင်ငံက စိတ်ဝင်စားတဲ့သူကော စင်္ကာပူက စိတ်ဝင်စားတဲ့ သူတွေကို မျှပြီး အရင်ဆုံး ၂၅ယောက် ရွေးသွားမယ်။ အဲဒီကနေမှ အဆင့်ဆင့် ထပ်ရွေးမယ် မြန်မာနိုင်ငံမှာ ရွေးချယ်ခံရတဲ့သူတွေ အားလုံးကို စင်္ကာပူနိုင်ငံကို အကုန်အကျခံ ခေါ်ယူမှာပါ။ ပြီးရင် Miss Myanmar Singapore International 2016 ပြိုင်ပွဲ ပြုလုပ်ပြီး အလှမယ် ရွေးချယ်သွားမယ်" ဟု ထပ်မံ ပြောပြသည်။

ဖောင်ပိတ်ရက်ကို ဇန်နဝါရီ ၃၀ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ပြီး ဆန်ကာတင် အလှမယ် ၂၅ဦးကို ရွေးချယ်မည် ဖြစ်သည်။ ဆန်ကာတင် ရွေးချယ်ထားသည့် အလှမယ် ၂၅ဦးကို ဖေဖော်ဝါရီလမှ စတင်ကာ ထရိန်နင် ပြုလုပ်ပေးသွားမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်းပမည့် ရက် မတိုင်ခင် အချိန်တွင် စင်္ကာပူနိုင်ငံသို့ ခေါ်ယူပြီး လေ့ကျင့်မှုများ ထပ်မံပြုလုပ်ပေးသွားမည် ဖြစ်သည်။

ဆန်ကာတင် အလှမယ် ၂၅ဦး ထဲကမှ Miss Myanmar Singapore International 2016 နောက်ဆုံး ပြိုင်ပွဲတွင် ဆန်ကာတင် အယောက် ၂၀ကို ထပ်မံ ရွေးချယ် သွားမည် ဖြစ်ပြီး ထို အယောက် ၂၀ ထဲကမှ Winner ၊ 1st runner up ၊ 2nd runner up အပြင် Top 5 ရွေးချယ် ခံရသူ အားလုံးကို ဆုချီးမြှင့် ပေးသွားမည် ဖြစ်သည်။

Miss Myanmar Singapore International 2016 နောက်ဆုံး ပြိုင်ပွဲကို မတ်လ ၂၀ရက်တွင် စင်္ကာပူနိုင်ငံ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး အလှမယ် ပြိုင်ပွဲ အပြင် ဂီတ ဖျော်ဖြေမှုကိုပါ တွဲဖက် ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly