ဒေါ်နယ် ထရန့် မိန့်ခွန်ပြောနေစဉ် အသံတိတ်မတ်တပ်ရပ် ဆန့်ကျင်ခဲ့သူ မွတ်စလင်အမျိုးသမီး ဆွဲထုတ်ခံခဲ့ရ

ဒေါ်နယ် ထရန့် မိန့်ခွန်ပြောနေစဉ် အသံတိတ်မတ်တပ်ရပ် ဆန့်ကျင်ခဲ့သူ မွတ်စလင်အမျိုးသမီး ဆွဲထုတ်ခံခဲ့ရ

ရော့ဟီး၊ ဇန်နဝါရီ-၁၀ ။        ။ အမေရိကန် ရီပတ်ဘလီကင် သမ္မတလောင်းတစ်ပြေးနေသူ ဒေါ်နယ် ထရန့် မိန့်ခွန်းပြောနေစဉ်အတွင်း အသံတိတ် မတ်တပ်ရပ် ၍ ဆန့်ကျင်ကန့်ကွက်နေသူ ခေါင်းမြီးခြုံထားသည့် မွတ်စလင် အမျိုးသမီးတစ်ယောက်ကို ဇန်နဝါရီ ၈ရက်နေ့ မဲဆွယ်ပွဲအတွင်းမှ ရဲများက စောင့်ရှောက် ခေါ်ထုတ်သွားခဲ့ရသည်ဟု ဆိုသည်။

ထရန့်၏ နောက်တည့်တည့် ခုံတန်းတွင် ထိုင်နေခဲ့သည့် ၅၆နှစ်အရွယ် လေယာဉ်အမှုထမ်း ရို့စ် ဟာမစ်က ဆီးရီးယားတွင် စစ်ပွဲကို ထွက်ပြေးတိမ်းရှောင်လာနေကြသည့် ဒုက္ခသည်များမှာ အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်နေသည်ဟု မိန့်ခွန်းပြောနေစဉ် တလျှောက်လုံးတွင် အသံတိတ် မတ်တပ်ရပ်နေခဲ့သည်။

ထရန့်က မကြာသေးမီ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်လာနေသည့် မွတ်စလင်များကို ယာယီပိတ်ပင်ထားရန် တောင်းဆိုခဲ့သည်။

သူမက အသံတိတ်နေသော်လည်း သူမ၏ ပတ်ပတ်လည်ရှိ ထရန့်ကို ထောက်ခံသူများကမူ မဲဆွယ်ဝန်ထမ်းများက ညွှန်ကြားထားသည့်အတိုင်း ဟာမစ်နှင့် သူမနှင့်အတူ မတ်တပ်ရပ်နေသည့် အမျိုးသား မာတီ ရိုဆင်ဘလတ်တို့ကို လက်ညှိုးထိုး၍ ထရန့်၏နာမည်ကို အော်ဟစ်ခဲ့ကြသည်ဟု ဆိုသည်။

 ဟာမစ်၏ ပြောကြားချက်အရ သူတို့နှစ်ဦးကို ရဲက စောင့်ရှောက်ခေါ်ထုတ်သွားစဉ်တွင် ထရန့်ကို ထောက်ခံသူများက ထွက်သွားဟု အော်ဟစ်နေခဲ့ကြပြီး တစ်ယောက်သောသူကဆိုလျှင် မင်းတို့မှာ ဗုံးပါတယ်ဟုပင် အော်ဟစ်ခဲ့ကြသည်ဟု ဆိုသည်။

“တကယ့်ကို အရုပ်ဆိုးအကျည်းတန်ပြီး ကြောက်စရာကောင်းလှပါတယ်”ဟု ဟာမစ်က ဆွဲထုတ်ခံရပြီးနောက် ဖုန်းဖြင့်အင်တာဗျူးရာတွင် စီအင်အင်သို့ ပြောကြားခဲ့သည်။

နှောင့်ယှက်လာသူ မည်သူ့ကိုမဆို ခေါ်ထုတ်သွားရမည်ဟု ပွဲမစမီကတည်းက ကြိုပြောထားသောကြောင့် ဟာမစ်ကို နှင်ထုတ်ခဲ့ရခြင်းဖြစ်သည်ဟု Rock Hill ရဲဌာနမှ ဗိုလ်မှူး စတီဗင် သော်မဆန်က စီအင်အင်သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly