အမေရိကန်၏ရန်မှ ကိုယ့်ကိုယ်ကို ကာကွယ်သည့်အနေဖြင့် ဟိုက်ဒရိုင်ဂျင်ဗုံး စမ်းသပ်ရခြင်းဖြစ်ဟု ကင်ဂျံုအန် ပြော

အမေရိကန်၏ရန်မှ ကိုယ့်ကိုယ်ကို ကာကွယ်သည့်အနေဖြင့် ဟိုက်ဒရိုင်ဂျင်ဗုံး စမ်းသပ်ရခြင်းဖြစ်ဟု ကင်ဂျံုအန် ပြော

ပြုံယမ်း၊ ဇန်နဝါရီ-၁၀ ။          ။ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA ၏ ဇန်နဝါရီ ၁၀နေ့ သတင်းအရ မြောက်ကိုရီးယားနိုင်ငံမှာ အမေရိကန်၏ နျူကလီးယားစစ်ပွဲခြိမ်းခြောက်မှုမှ မိမိကိုယ်ကို ကာကွယ်သည့် အဆင့်တစ်ရပ်အနေဖြင့် ဟိုက်ဒရိုဂျင်ဗုံးကို စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး၊ အဝေဖန်မခံရဘဲ စမ်းသပ်နိုင်သည့် အချုပ်အခြာပိုင် အခွင့်အရေးရှိသည်ဟုလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယား၏ ဗုဒ္ဓဟူးနေ့က ကြိုတင်အသိမပေးဘဲ စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုက အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးကို ဒေါသထွက်စေခဲ့သော်လည်း အမေရိကန်အစိုးရနှင့် လက်နက်ကျွမ်းကျင်သူများကမူ မြောက်ကိုရီးယားက ဖောက်ခွဲလိုက်သည့် ကိရိယာမှာ ဟိုက်ဒရိုဂျင်ဗုံး ဟုတ်မဟုတ်ကိုမူ သံသယရှိနေသည်။

ကိုရီးယား ဒီမိုကရတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုဟာ အမေရိကန်နယ်ချဲ့တွေကြောင့် ဖြစ်ပွားတဲ့ နျူကလီးယားစစ်ပွဲအန္တရာယ်က ဒေသတွင်းလုံခြုံရေးနဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ကာကွယ်ဖို့ ကိုယ့်ကိုယ့်ကိုကာကွယ်တဲ့ ခြေလှမ်းတစ်ရပ်သာဖြစ်တယ်ဟု ကင်က ပြောကြားကြောင်း KCNA က ကိုးကားဖော်ပြခဲ့သည်။  

 “ဒါဟာ အချုပ်အခြာပိုင်နိုင်ငံတစ်ခုရဲ့ တရားဝင်အခွင့်အရေးတစ်ခုဖြစ်ပြီး၊ ဘယ်သူကမှ မဝဖန်နိုင်တဲ့ တရားတဲ့လုပ်ရပ်တစ်ခုပါ”ဟု ကင်က ပြောကြားခဲ့သည်။

ကင်၏ မှတ်ချက်စကားများမှာ ၎င်း၏ နျူကလီးယားအစီအစဉ်ကို တရားမျှတ မှန်ကန်ကြောင်း အကြောင်းပြရန်အတွက် ကိုရီးယားကျွန်းဆွယ်ပေါ် နျူကလီးယားလက်နက်များ ဖြန့်ချထားသည့် အမေရိကန်၏ လုပ်ရပ်ကို အပြစ်တင်နေသော မြောက်ကိုရီးယား၏ ပြောဆိုချက်များနှင့် ကိုက်ညီနေသော်လည်း ဗုဒ္ဓဟူးနေ့ စမ်းသပ်မှုနောက်ပိုင်းတွင် ခေါင်းဆောင်တစ်ယောက်အနေဖြင့် ပထမဆုံးအကြိမ် ပြောကြားခြင်းပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကမူ တောင်ကိုရီးယားတွင် မည်သည့် နျူကလီးယားလက်နက်မျှ ဖြန့်ချထားခြင်းမရှိဟု ပြောကြားခဲ့သည်။ သို့ရာတွင် မြောက်ကိုရီးယားက ဟိုဒရိုဂျင်ဗုံး စမ်းသပ်လာပြီးနောက်ပိုင်းတွင်မူ ကိုရီးယားကျွန်းဆွယ်ပေါ်တွင် မဟာဗျူဟာမြောက်လက်နက်များ ဖြန့်ချထားရန် တောင်ကိုရီးယားနှင့် ဆွေးနွေးလျှက်ရှိသည်ဟု ဆိုသည်။ ထိုလက်နက်များထဲတွင် နျူကလီးယားစွမ်းရည်ရှိသည့် ဘီ-၂နှင့် ဘီ-၅၂ ဗုံးကြဲလေယာဉ်များအပြင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများလည်း ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။

ကျွမ်းကျင်သူများကမူ ငလျင်တုန်လှုပ်အား ၅.၁သာ ရှိသောကြောင့် ဟိုဒရိုဂျင်ဗုံးတစ်လုံးအတွက် သေးငယ်လွန်းလှသည့် အဆိုပါ စမ်းသပ်မှုမှာ ၁၉၈၀နောက်ပိုင်း မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ ပထမဆုံးအကြိမ် အထွေအထွေညီလာခံအတွက် ခင်းကျင်းပြင်ဆင်သည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly