ကိုဆိုဗိုဆန္ဒပြသူများ ရဲနှင့် ထိပ်တိုက်တွေ့ အစိုးရအဆောက်အအုံကို မီးတင်ရှို့

ကိုဆိုဗိုဆန္ဒပြသူများ ရဲနှင့် ထိပ်တိုက်တွေ့ အစိုးရအဆောက်အအုံကို မီးတင်ရှို့

ပရစ်တီနာ၊ ဇန်နဝါရီ-၁၀ ။             ။ အုပ်စိုးသူဟောင်း ဆာဘီးယားနှင့် သဘောတူညီချက်အပေါ် ငယ်ရွယ်နုပျိုသော ဘော်လ်ကန်နိုင်ငံ ကိုဆိုဗိုတွင် ဒေါသူပုန်ထလျှက်ရှိရာ ရဲတပ်ဖွဲ့နှင့် တိုက်ပွဲများ အဆက်မပြတ် တိုက်ခိုက်နေသည့်ဆန္ဒပြသူများက ဇန်နဝါရီလ ၉ရက်နေ့က အစိုးရ၏ ဌာနချုပ်အဆောက်အအုံကို မီးတင်ရှို့ခဲ့ကြသည်။

မြို့တော် ပရစ်တီနာရှိ အစိုးရအဖွဲ့ ဌာနချုပ်အဆောက်အအုံမှာ မိုးရွာသလို ဓာတ်ဆီဗုံးများဖြင့် အပစ်ခံရပြီးနောက် ခဏတာ မီးလောင်ကျွမ်းသွားခဲ့သည်။ မီးသတ်သမားများက မီးကို လျင်မြန်စွာ ငြိမးသတ်ခဲ့ရပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ ထောင်နှင့်ချီသည့် အတိုက်အခံ ဆန္ဒပြသူများကို မောင်းထုတ်ခဲ့ရသည်။

ကိုဆိုဗို၏ တိုင်းရင်းသား ဆာ့ဘ်လူနည်းစုကို ပိုမိုကြီးမားသော အစိုးရအာဏာများ အပ်နှင်းပြီး၊ ဘဲလ်ဂရိတ်မှ မတည်ထောက်ပံ့လာရန်အတွက် ဥရောပသမဂက ကြားဝင်စေ့စပ်သည့် သဘောတူညီချက်ကို ဆန္ဒပြသူများက ဆန့်ကျင် ကန့်ကွက်နေကြခြင်းပင် ဖြစ်သည်။ သဘောတူညီချက်နှင့် ပတ်သက်ရျ် အစိုးရ နှုတ်ထွက်ပေးသင့်ပြီး၊ ရွေးကောက်ပွဲကို စောစီးစွာ ကျင်းပပေးရမည်ဟု အတိုက်အခံခေါင်းဆောင်များက ပြောကြားသည်။

ရဲအရာရှိ ၂၄ဦးနှင့် ဂျာနယ်လစ် ၂ဦးအပါအဝင် လူ ၂၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ဆန္ဒပြသူ ၄၀နီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ဓားများနှင့် မီးလောင်ဗုံးများကိုလည်း သိမ်းယူခဲ့သည်ဟု ဆိုသည်။  

အစောပိုင်းက ဆန္ဒပြသူများက မီးလောင်ဗုံးများ၊ ကျောက်တုံးများ၊ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြကာ ရဲကား နှစ်စင်းသုံးစင်းကိုလည်း မီးတင်ရှို့ခဲ့ကြသည်ဟု ဆိုသည်။

ကိုဆိုဗိုအစိုးရကမူ အတိုက်အခံပါတီခေါင်းဆောင်များမှာ အကြမ်းဖက်ရန် စည်းရုံးလှုံ့ဆော်နေပြီး တိုင်းပြည်ကို ရာဇဝတ်မှုနှင့် မင်းမဲ့စရိုက်ဆီသို့ ဆွဲခေါ်သွားနေသည်ဟု စွပ်စွဲခဲ့သည်။

ဒီဆန့်ကျင်မှုရဲ့ ရည်ရွယ်ချက်က အကြမ်းဖက်ပြီး အစိုးရကို ဖြုတ်ချဖို့နဲ့ တိုင်းပြည်ကို ရာဇဝတ်ကောင်တွေလက်ထဲ ဝကွက်အပ်ဖို့ဖြစ်နေတော့ ဒီနေ့လို အစိုးရအဆောက်အအုံကို မီးတင်ရှို့တာမျိုး ဖြစ်ရတာပါပဲဟု အစိုးရအဖွဲ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အတိုက်အခံပါတီများကမူ အစိုးရအဖွဲ့ နှုတ်ထွက်မပေးမချင်း နောက်ထပ် ဆန္ဒပြပွဲများကို စည်းရုံးကျင်းပသွားမည်ဟု ပြောကြားသည်။

ကိုဆိုဗိုမှာ အယ်လ်ဘေးနီးယန်းအများစု နေထိုင်သည့် နိုင်ငံဖြစ်ပြီး သူပုန်နှိမ်နင်းရေး စစ်ပွဲအတွင်း တိုင်းရင်းသားလူများစုဖြစ်သည့် အယ်လ်ဘေးနီးယန်းများကို သတ်ဖြတ်နှင်ထုတ်ခဲ့သည်ဟု စွပ်စွဲခံရသည့် ဆာဘီးယား လုံခြုံရေးတပ်ဖွဲ့များကို နေတိုးက လေကြောင်းစစ်ဆင်ရေးဖြင့် မောင်းထုတ်ပြီး ဆယ်စုနှစ် တစ်ခုနီးပါးအကြာ ၂၀၀၈ခုနှစ်တွင် အနောက်၏ ထောက်ခံမှုဖြင့် ဆာဘီးယားထံမှ လွတ်လပ်ရေး ကြေညာခဲ့သည်။

ဆာဘီးယားကမူ ၎င်း၏ တောင်ပိုင်းပြည်နယ်ဟောင်းများကို လွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်မပြုခဲ့သော်လည်း ဥရောပသမဂက ၎င်း၏ အဖွဲ့ဝင်အဖြစ် တိုးတက်လာရေး ပုံမှန်ဆက်ဆံရေး ထူထောင်ရန် နှစ်နိုင်ငံစလုံးကို ဖိအားပေးနေခဲ့သည်။

ကိုဆိုဗိုအယ်လ်ဘေးနီးယန်းအများစုကမူ ဆာဘီးယားနှင့် သဘောတူညီချက်မှာ ယခုအခါ အနောက် အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၀၀ကျော်က အသိအမှတ်ပြုထားသည့် ခက်ခက်ခဲခဲနှင့် ရယူထားရသော ကိုဆိုဗို၏ အချုပ်အခြာအာဏာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု ယုံကြည်နေကြသည်။

လွန်ခဲ့သည့်နှစ်တလျှောက်လုံးတွင် ဆန့်ကျင်မှုများမှာ အကြမ်းဖက်မှုအဖြစ်သို့ မကြာခဏ ကူးပြောင်းသွားလေ့ရှိခဲ့ရာ အတိုက်အခံအမတ်များက လွှတ်တော်အခန်းထဲတွင် မျက်ရည်ယိုဓာတ်ငွေ့များ လွှတ်ခြင်းဖြင့် ပါလီမန်လုပ်ငန်းများကို မကြာခဏနှောင့်ယှက်ခဲ့သည်ဟု ဆိုသည်။

ကိုဆိုဗိုလွတ်လပ်ရေးကို အကြီးအကျယ်ထောက်ခံခဲ့သည့် အမေရိကန်သံအမတ်ကမူ နိုင်ငံရေးအကြမ်းဖက်မှုက ဒီမိုကရေစီနဲ့ လွတ်လပ်ရေးရပြီးကတည်းက ကိုဆိုဗို ရရှိခဲ့သမျှကို လက်လွှတ်ဆုံးရှုံးရဖို့ ခြိမ်းခြောက်နေပါတယ်ဟု လူမှုကွန်ရက် တွစ်တာတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly