ဖိလစ်ပိုင်တွင် သန္ဓေတားရေးရန်ပုံငွေ ဖယ်ရှားလိုက်ခြင်းက အိတ်ချ်အိုင်ဗီနှင့် မိခင်သေဆုံးမှုများ ပိုဖြစ်လာနိုင်ဟုဆို

ဖိလစ်ပိုင်တွင် သန္ဓေတားရေးရန်ပုံငွေ ဖယ်ရှားလိုက်ခြင်းက အိတ်ချ်အိုင်ဗီနှင့် မိခင်သေဆုံးမှုများ ပိုဖြစ်လာနိုင်ဟုဆို

မနီလာ၊ ဇန်နဝါရီ ၁၀ ။          ။ သန္ဓေတားရေးရန်ပုံငွေကို ဖိလစ်ပိုင်ဥပဒေပြုလွှတ်တော်က ဖယ်ရှားပစ်ရန် ဆုံးဖြတ်ခြင်းကြောင့် အိတ်ချ်အိုင်ဗီဖြစ်ပွားမှုနှင့် မိခင်သေဆုံးမှုတို့သည် အထူးသဖြင့် ဆင်းရဲသော မိန်းကလေးများနှင့် အမျိုးသမီးများကြား ပို၍ ဖြစ်ပွားလာလိမ့်မည်ဟု မျိုးပွားမှုဆိုင်ရာအခွင့်အရေးလှုပ်ရှားသူများက ပြောကြသည်။

လွှတ်တော်ဆုံးဖြတ်ချက်ဖြစ်သည့် သန္ဓေတားရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၁ သန်း ဖြတ်တောက်ပစ်ခြင်းသည် ဆင်းရဲသားများထံ သန္ဓေတားရေးအစီအမံများ အာမခံရရှိနိုင်မည့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး ဥပဒေ အတည်ပြုနိုင်ရေးအတွက် ဆယ်စုနှစ်ကြာ ကြိုးပမ်းနေလျက်ရှိသည့် ဥပဒေလွှတ်တော်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများကို အံ့အားသင့် ဒေါသထွက်စေခဲ့သည်။

"ကျွန်တော်တို့ကို စော်ကားထိုးနှက်လိုက်တာပဲ။ လွှတ်တော်ကိုယ်တိုင်က ဥပဒေကို မျက်ကွယ်ပြုတာပဲ။"ဟု လွှတ်တော်အမတ်များနှင့် လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် ဖိလစ်ပိုင် လွှတ်တော်အမတ်များ၏ လူဦးရေနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း PLCPD အမှုဆောင်ဥက္ကဌဖြစ်သူ ရွမ်ဒွန်ဂျီတိုက ပြောသည်။

"အမျိုးသမီးတွေက ကလေးမီးဖွားသေဆုံးမှုတွေ ဖြစ်နေတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေက အတားအဆီးမဲ့ ကိုယ်ဝန်ရှိလာရတယ်။ အိတ်ချ်အိုင်ဗီကြောင့်လည်း လူတွေ သေဆုံးနေတယ်။ ဖိလစ်ပိုင်ပြည်သူတွေရဲ့ လူမှုနေထိုင်မှုဘဝက ဘေးအန္တရာယ်ပေါ်မှာရှိနေရတယ်။"ဟု ၎င်းက သောမတ်ရိုက်တာဖောင်ဒေးရှင်းသို့ တယ်လီဖုန်းဖြင့် ပြောခဲ့သည်။

ကက်သလစ်ဘာသာဝင်အများဆုံးကျွန်းစုနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် လူဦးရေ သန်း ၁၀၀ နီးပါးရှိပြီး လူဦးရေ လျင်မြန်စွာ ကြီးထွားလာသည်ကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေရသည့်   နိုင်ငံဖြစ်သည်။ နိုင်ငံတွင်း အိတ်ချ်အိုင်ဗီဖြစ်ပွားနှုန်းကလည်း တစ်ဟုန်ထိုး မြင့်တက်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly