အယ်လ်ခိုင်ဒါနှင့် အချိတ်အဆက်ရှိဟု အမေရိကန်တွင် ဗီယက်နမ်တစ်ဦး အပြစ်ဝန်ခံ

အယ်လ်ခိုင်ဒါနှင့် အချိတ်အဆက်ရှိဟု အမေရိကန်တွင် ဗီယက်နမ်တစ်ဦး အပြစ်ဝန်ခံ

နယူးယောက်၊ ဇန်နဝါရီ ၁၀ ။           ။ ယီမင်နိုင်ငံက အယ်လ်ခိုင်ဒါများကို ထောက်ပံ့မှုများ ပေးခဲ့ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်တွင် ဗီယက်နမ်အမျိုးသားတစ်ဦးက အပြစ်ဝန်ခံထွက်ဆိုသည်။ ဗီယက်နမ်အမျိုးသား မင်ကျန်းဖန်သည် လန်ဒန်က ဟီတရူးလေဆိပ်ကို ဗုံးဖောက်ခွဲရန် ယီမင်တွင် ဗုံးလုပ်နည်းသင်ယူခဲ့သူဖြစ်ပြီး ယီမင်ရှိ အယ်လ်ခိုင်ဒါများနှင့် အချိတ်အဆက် ရှိထားသည်ဟု ဝန်ခံခြင်းဖြစ်သည်။

ဖန်အား ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဗြိတိန်တွင် ဖမ်းဆီးမိပြီး ၂၀၁၅ ဖေဖော်ဝါရီတွင် အမေရိကန်သို့ တရားခံလက်လွှဲပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၄ ရက်တွင် ၎င်းအား အမေရိကန်က အပြစ်ဒဏ်ချမှတ်မည်ဖြစ်ရာ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံဖွယ်ရှိသည်။

အသက် ၃၃ နှစ်ရှိ ဖန်က အာရပ်ကျွန်းဆွယ်အယ်လ်ခိုင်ဒါများ AQAP အဖွဲ့အတွက် ထောက်ပံ့မှုများ ပေးခြင်း၊ စစ်သင်တန်းတက်ရန် လျှို့ဝှက်စီမံခြင်းနှင့် စက်သေနတ် လက်ဝယ်ပိုင်ဆိုင်အသုံးပြုခြင်း စသည့် အမှုများအတွက် အပြစ်ဝန်ခံခဲ့သည်။

"AQAP က ထိပ်တန်းခေါင်းဆောင်ပိုင်းကို ဖန်က ထောက်ပံ့မှုတွေ ပေးနေခဲ့တာပါ။ အခုတော့ အကြမ်းဖက်လုပ်ရပ်အတွက် သူက ဝန်ခံပြီမို့ ပြစ်ဒဏ်စီရင်ဖို့ ရှိပါတယ်။"ဟု အမေရိကန် ရှေ့နေ ပရစ်ဘဟာရာရာက ပြောသည်။

ဖန်သည် လန်ဒန်တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၀ ခုနှစ်က ယီမင်သို့ ထွက်ခွာခဲ့သည်။ ယီမင်တွင် AQAP ခေါင်းဆောင် အန်ဝါအောလာကီထံတွင် ဗုံးလုပ်နည်း သင်တန်းများ တက်ရောက်ခဲ့သူဖြစ်သည်။ အောလာကီသည် အမေရိကန်၌ မွေးဖွားသူဖြစ်ကာ ၂၀၁၁ ခုနှစ်အတွင်းက ယီမင်တွင် အမေရိကန် ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly