ရနောင်းလူသတ်မှုတွင် မြန်မာလေးဦး၌ နှစ်ဦး အသက်မပြည့်သေးကြောင်း အစိုးရ၏ အတည်ပြုပေးမှု လိုနေသေး

ရနောင်းလူသတ်မှုတွင် မြန်မာလေးဦး၌ နှစ်ဦး အသက်မပြည့်သေးကြောင်း အစိုးရ၏ အတည်ပြုပေးမှု လိုနေသေး

ထိုင်းနိုင်ငံ ရနောင်းပြည်နယ်တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အသက် ၁၈ နှစ်ရှိ ကျောင်းသူတစ်ဦးအား သတ်ဖြတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားလေးဦးကို သံသယဖြင့် ဖမ်းဆီးထားရာတွင် နှစ်ဦးမှာ အသက်မပြည့်သေးသောသူများဖြစ်ကြောင်းကို မြန်မာအစိုးရ၏ အတည်ပြုပေးမှု လိုချင်နေကြောင်း သည်နေးရှင်းသတင်းတွင် ဇန်နဝါရီ ၉ ရက်က ဖော်ပြထားသည်။

ထိုင်းကျောင်းသူ အိုရာဝီဆမ်ပါအိုတန်အား ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၂၈ ရက် ညက ဓားဖြင့်ထိုးသတ်ခြင်းအတွက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည့် မိုးဇင်အောင်(၁၉နှစ်)၊ ဇော်လေး(၂၅နှစ်)၊ မန်ဆန်း(၂၀)နှင့် ကျော်စိုးဝင်း(၁၉နှစ်)တို့အား ဖမ်းဆီးတရားစွဲခံထားခြင်းဖြစ်သည်။ ၎င်းတို့ လေးဦးအနက် မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့က ၎င်းတို့အား အသက်မပြည့်သေးသူများအား စီရင်သည့် တရားရေးမျိုး ရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ယခုကဲ့သို့ အစိုးရ၏ အတည်ပြုပေးမှုကို လိုချင်နေကြခြင်းဖြစ်သည်။

မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့နှစ်ဦး၏ အထောက်အထား မှတ်တမ်းမှတ်ရာများကို ၎င်းတို့၏ မိဘဆွေမျိုးများ မကြာသေးမီက တင်ပြထားရာတွင် ၎င်းတို့မှာ အသက် ၂၀ အောက်များဖြစ်သည်ကို ပြသနေကြောင်း၊ ထို့အတွက် ဆက်လက်၍ ပုံမှန်စစ်ကြောမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရနောင်းအုပ်ချုပ်ရေးမှူး ဆူရီယန်ကန်ချန်နာစေးက ဇန်နဝါရီ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

သို့သော် အမှုသက်သေများက ခိုင်မာပြီး အပြစ်ရှိသည်ကိုလည်း လက်ဆုပ်လက်ကိုင်ပြနိုင်ကာ ရဲများကလည်း ၎င်းတို့ဖမ်းဆီးထားသူများမှာ မှားယွင်းဖမ်းဆီးခြင်းမဟုတ်ဘဲ အမှန်ကျုးလွန်သူများကိုသာ ဖမ်းဆီးမိခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်းကိုလည်း ၎င်းက ပြောသည်။

ဆွဲပိုက်ချသင်္ဘောတစ်စီးပေါ်မှ ယခုသံသယဖြင့်ဖမ်းဆီးထားသူ မြန်မာအလုပ်သမားလေးဦးကို ရဲက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူကျောင်းသူဖြစ်သူ အိုရာဝီကို စနောက်မိရာမှ ပြန်လည်ရန်တွေ့ခံရ၍ စကားများကြပြီး လက်လွန်ခဲ့ခြင်းဖြစ်ကြောင်းကို ၎င်းတို့လေးဦးက ဝန်ခံချက်ပေးထားသည်ဟုလည်း ဆိုသည်။

သို့သော် ဒီဇင်ဘာ ၂၇ ရက် ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် မြန်မာရွှေ့ပြောင်းလုပ်သားလေးဦးက ၎င်းတို့ကို အပြစ်ဝန်ခံအောင် ထိုင်းရဲများက နှိပ်စက်ထွက်ဆိုခိုင်းခဲ့ကြောင်း ဖော်ပြထားသည်။

ရနောင်းအကျဉ်းထောင်သို့ ဘန်ကောက်ပို့စ်က သွားရောက်မေးမြန်းခဲ့ရာတွင် ၎င်းတို့က အိုရာဝီအား သတ်ရခြင်းမရှိကြောင်း ဖမ်းဆီးခံထားရသည့် အားလုံးကို ကိုယ်စားပြုလျက် ကျော်စိုးဝင်းက ပြောသည်။

ဖမ်းဆီးခံရသည့် အောက်တိုဘာ ၂၀-၂၄ ရက်အတွင်း ထိုင်းရဲများက မျက်နှာကို အဝတ်ဖြင့် စည်းဖုံးထားခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ ပလတ်စတစ်အိတ်ဖြင့် အသက်ရူမရအောင် မျက်နှာကို ပိတ်စည်းမွန်းကျပ်စေခြင်းနှင့် ယောက်ကျားငယ်ပါကို ကန်ကျောက်ခြင်းများ စသည်ဖြင့် နှိပ်စက်ကြကြောင်းလည်း ပြောသည်။ ထွက်ချက်ကို ၎င်းတို့အနေဖြင့် ကြောက်ရွံ၍ လက်မှတ်ရေးထိုးလိုက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့၏ အသက်အမှန်မှာ မြန်မာနိုင်ငံက ၎င်းတို့ အိမ်ထောင်စုစာရင်းအရ အသက် ၁၅ နှစ်နှင့် ၁၄ နှစ်တို့သာ ရှိသေးကြောင်း သိရ၍ တရားရေးအဖွဲ့တွင် အငြင်းပွားမှုများလည်း ရှိထားသည်။ ၎င်းတို့နှစ်ဦးက ငါးဖမ်းလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အသက်လိမ်ထားခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်ပြစ်မှုဖြင့် ကြားနာသင့်ကြောင်း တရားခံများ ရှေ့နေများက ပြောထားခဲ့ကြသည်။

Ref: The Nation, Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly