အီဂျစ်က ဟိုတယ်တစ်ခု၌ နိုင်ငံခြားဧည့်သည်များကို အိုင်အက်စ်နှစ်ဦး ဓားဖြင့် ဝင်ခုတ်

အီဂျစ်က ဟိုတယ်တစ်ခု၌ နိုင်ငံခြားဧည့်သည်များကို အိုင်အက်စ်နှစ်ဦး ဓားဖြင့် ဝင်ခုတ်

ကိုင်ရို၊ ဇန်နဝါရီ ၉ ။          ။ အီဂျစ်နိုင်ငံ ပင်လယ်နီအပန်းဖြေစခန်း ဟာဂါဒါရှိ ဟိုတယ်တစ်ခုအတွင်း အိုင်အက်စ်ဆိုသူနှစ်ဦးက နိုင်ငံခြားသားဧည့်သည်သုံးဦးအား ဓားဖြင့် ထိုးခုတ်မှု တစ်ရပ်ဖြစ်ပွားသည်။

Bella Vista ဟိုတယ်တွင် သြစတြေးလျနှစ်ဦးနှင့် ဆွီဒင်တစ်ဦးတို့အား ဓားဖြင့်ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတိုက်ခိုက်သူနှစ်ဦးကို ရဲက ပစ်ခတ်လိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုက်ခိုက်သူတစ်ဦး သေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာရသွားခဲ့သည်။

ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်များကို ၎င်းတို့နှစ်ဦးက ပြန်ပေးဆွဲရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဘီဘီစီသို့ ပြောသည်။ ၎င်းတိုက်ခိုက်သူနှစ်ဦးက အိုင်အက်စ်အလံကို ကိုင်ဆွဲကာ တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

နောက်ထပ်တိုက်ခိုက်သူများ ရှိမရှိ လုံခြုံရေးအဖွဲ့များက ရှာဖွေလျက်ရှိနေသည်။

ထိုသို့ တိုက်ခိုက်မှုဖြစ်ပွား၍ ဟာဂါဒါတွင် သတိပေးတပ်လှန့်ထားဆဲဖြစ်ပြီး အတွင်းအပြင်လမ်းများအားလုံးကိုလည်း ပိတ်ထားကြောင်း သိရသည်။

အီဂျစ်နိုင်ငံသည် အိုင်အက်စ်သစ္စာခံအဖွဲ့တစ်ဖွဲ့အပါအဝင် ဆိုင်းနိုင်းကျွန်းဆွယ်အနီးတွင် ခြေကုပ်ယူထားကြသည့် အစ္စလာမ်မစ်စစ်သွေးကြွများနှင့် တိုက်ပွဲဆင်နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ထိုအိုင်အက်စ်သစ္စာခံအဖွဲ့က ၂၀၁၅ အောက်တိုဘာလအတွင်း လူ ၂၂၄ ဦးသေဆုံးခဲ့သည့် ရုရှလေယာဉ်ပျက်ကျမှုမှာ ၎င်းတို့က ပစ်ချလိုက်ခြင်းဖြစ်ကြောင်း ကြေညာထားခဲ့သည့် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly