တောင်တရုတ် ပင်လယ်တွင် တရုတ်က ဂျေ-၁၁ ဂျက်တိုက်လေယာဉ်များ ဖြန့်ချထားဖွယ်ရှိ

တောင်တရုတ် ပင်လယ်တွင် တရုတ်က ဂျေ-၁၁ ဂျက်တိုက်လေယာဉ်များ ဖြန့်ချထားဖွယ်ရှိ

တိုင်ပေ၊ ဇွန်-၂၄ ။      ။ ဖော်ထားသည့်မြေယာပေါ်တွင် တရုတ်၏ ပြေးလမ်းများဖောက်လုပ်နေမှုမှာ ပြီးလုနီးနေ ပြီဖြစ်ရာပေကျင်း က ဂျေ-၁၁ ဂျက်တိုက်လေယာဉ်များကို ထိုနေရာတွင် ဖြန့်ချထားလာနိုင်သောကြောင့် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်အငြင်း ပွားမှုများကြောင့် ဖြစ်ပွားရသည့် တင်းမာမှုများမှ မဝေးလှသည့်အနာဂတ်တွင် ပြေလျော့ဖွယ် အလားအလာမရှိဟု ဟောင်ကောင် သတင်းစာ သတင်းတစ်ရပ်အရ သိရှိရသည်။

‘ထိုပုံစံအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါက တရုတ်နိုင်ငံတွင် နန်ရှာကျွန်းများဟုခေါ်သည့် စပရတ်တလေကျွန်းစုများ တွင် ဂျက်တိုက်လေယာဉ်များ ဖြန့်ချထားမှုမှာ တရုတ်စစ်တပ်၏ လက်တံကို တောင်ဘက်အစွန်း ဟိုင်နန်ကျွန်းပေါ်မှ ဆန်ယာ အခြေစိုက်စခန်းကို ကျော်လွန်၍ ဆန့်ထုတ်လိုက်ခြင်းပင်ဖြစ်သည်ဟု ဇွန် ၂၁ရက်နေ့ထုတ် အင်္ဂလိပ်ဘာသာ South China Morning Post က အမည်မဖော်လိုသူ ဝေဖန်သုံးသပ်သူတစ်ဦးကို ကိုးကားဖော်ပြခဲ့သည်။

သို့ရာတွင် ဆိုဗီယက်ဒီဇိုင်း Su-27 အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားသော ဂျက်တိုက်လေယာဉ်များမှာ အမေရိကန်လေတပ်၏ လေယာဉ်များနှင့် နှိုင်းယှဉ်လျှင် နိမ့်ကျသော မိုဒယ်အဟောင်းများသာ ဖြစ်နေသောကြောင့် ကာကွယ်ရေးအတွက် ထိရောက်မှုတွင် အကန့်အသတ်ရှိနေမည်ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ဂျေ-၁၁တိုက်လေယာဉ်များမှာ ကီလိုမီတာ ၁၅၀၀သာ ပျံသန်းနိုင်သော်လည်း လောင်စာဆီကန်များ အပိုတပ်ပေးခြင်းဖြင့် ခရီးတာကို ဆန့်ထုတ်ပစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ‘ကျွန်းများပေါ်တွင် စစ်စခန်းများ ထူထောင်လိုက်ခြင်းဖြင့် တရုတ်လေတပ်၏ လက်တံကို တောင်ဘက်သို့ ကီလိုမီတာ ၁၀၀၀ ထပ်မံဆန့်ထုတ်နိုင်ပြီး၊ Liaoning လေယာဉ်တင် သင်္ဘောနှင့် ပါတွဲလိုက်ပါက ကမ်းလွန်ခံစစ်မှ ပင်လယ်အပွင့်ကာကွယ်မှုသို့ ကူးပြောင်းလိုသည့် ရည်မှန်းချက်ကို ပေါက်မြောက်အောင်မြင်စေ လိမ့်မည်ဟုလည်း အဆိုပါသတင်းတွင် ရေးသားထားသည်။  

သို့ရာတွင် ကောက်ကျိုးရှိ ဆွန်ယက်ဆင်တက္ကသိုလ်မှ စစ်ရေးပါရဂူတစ်ဦးဖြစ်သည့် ဒေးဗစ် ဇူကမူ ဂျေ-၁၁ ဂျက်တိုက်လေယာဉ် များမှာ ဒေသတွင်းတွင် တရုတ်ပိုင်ဖြစ်ကြောင်းပြောဆိုထားသည့် ကျွန်း၇ကျွန်းကိုသာ ကာကွယ်ရန် လုံလောက်ပြီး၊ တိုက်ခိုက်ရေး တွင် အသုံးပြုရန်မှာမူ နည်းပညာပိုင်း လုံလောက်မှုမရှိဟု ပြောကြားကြောင်း သတင်းတွင် ကိုးကားဖော်ပြထားသည်။

တရုတ်၏ အဓိကပြိုင်ဘက်မှာ အမေရိကန်ပြည်ထောင်စုဖြစ်ရာ အကယ်၍ တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်အငြင်းပွားမှုများ ကို တရုတ်က စစ်အင်အားဖြင့် ဖြေရှင်းလာပါက အမေရိကန်က မုချ ဝင်ရောက်စွက်ဖက်မည်ဖြစ်သည်ဟု ဇူက ပြောကြားသည်ဟု ဆိုသည်။

‘တရုတ်ရဲ့ ပထမတန်းစား လေယာဉ်တင်သင်္ဘောအခြေပြု ဂျေ-၁၅ ဂျက်တိုက်လေယာဉ်တွေက အမေရိကန်ရဲ့ အက်ဖ်-၁၈ တွေ ကို စိန်ခေါ်နိုင်လောက်အောင် အဆင့်မြင့်ပေမယ့်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ရဲ့ အဓိက ဂျက်တိုက်လေယာဉ်တွေဖြစ်တဲ့ ဂျေ-၁၁နဲ့ ဆင့်ပွားအမျိုးအစားတွေကတော့ လောလောဆယ် အမေရိကန်က ဖြန့်ချထားတဲ့ အက်ဖ်-၂၂နဲ့ အက်ဖ်-၃၅ တိုက်လေယာဉ်တွေကို မယှဉ်နိုင်ဘူးဟု ဇူက ပြောကြားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly