ကယားပြည်နယ် ထေခိုရွာကလေးသို့ ခရီးတစ်ခေါက်

09 January 2016
ကယားပြည်နယ် ထေခိုရွာကလေးသို့ ခရီးတစ်ခေါက်

ဒီကနေ့တော့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာရှိတဲ့ ထေခိုဆိုတဲ့ တောင်ပေါ်ရွာလေးတစ်ရွာကို သွားကြမှာ ဖြစ်ပါတယ်။ ဒီရွာလေးကတော့ ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ကနေ မိုင် ၂၀ လောက်ပဲ ဝေးပါတယ်။ မိုင် ၂၀ ဆိုတာက မြေပြန့်မှာဆိုရင် ၁ နာရီလောက်ပဲ ကားမောင်းရတာပါ။ဒါပေမယ့် ဒီဒေသမှာတော့ တောင်အဆင်းအတက်များပြီး လမ်းကလည်း ကြမ်းလို့ ၄ နာရီလောက် ကားမောင်းသွားရမှာပါ။ အဲ့ဒီထေခိုဆိုတဲ့ တောင်ပေါ်ရွာလေးမှာ ပရဲ့ခေါ် ကယောလူမျိုးတွေ နေထိုင်ကြပါတယ်။

လွိုင်ကော်မြို့က ထွက်လာပြီး မိနစ် ၄၀ လောက်အကြာမှာတော့ ဖရူးဆိုမြို့ထဲကို ဝင်လာပါပြီ။ ဒီဖရူးဆိုမြို့ကတော့ အနောက်ကရင်နီနယ်တစ်ခုဖြစ်တဲ့ ကြယ်ဖိုးကြီးနယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ ကျွန်မတို့တတွေ ဖရူးဆိုမြို့မှာ ခရီးတစ်ထောက်နားပြီးရင်တော့ နောက်ထပ် ၃ နာရီခွဲလောက် ခရီးကြမ်းနှင်ရပါဦးမယ်။ဒီနေ့ ၅ ရက်မှ တစ်ဈေးဖြစ်တဲ့ ဖရူးဆိုဈေးနေ့ ဖြစ်တယ်ရှင့်။ ဒီတော့ ကျွန်မလည်း ဈေးထဲမှာ လျှောက်ကြည့်ဖြစ်တာပေါ့။ ဒေသတစ်ခုကို ရောက်ပြီဆိုရင် ဈေးထဲမှာ လျှောက်ကြည့်လိုက်တာနဲ့ ဒီဒေသမှာ နေထိုင်တဲ့လူနေမှုဘဝတွေကို မြင်ရတာပါပဲ။

လမ်းမကောင်းဘူးလို့ သိရတုန်းက အခုလောက်ထိ မထင်ထားခဲ့ဘူး။ ခုတော့ လမ်းပေါ်က ချိုင့်ခွက်တွေက တချို့နေရာမှာ တော်တော်ကိုနက်ပါတယ်။ မိုးရွာထားရင် တော်ရုံကားသွားဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။ ဒီလမ်းတွေကို မောင်းနေကျမဟုတ်ရင် ခရီးဆုံးထိရောက်အောင်မောင်းဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် အခု သွားကြမယ့် ထေခိုရွာအပါအဝင် ကယောလူမျိုးစုတွေ နေထိုင်တဲ့ဒေသတွေကို သွားဖို့ တောင်တက်ကားမျိုးတွေ အကြမ်းခံတဲ့ကားမျိုးတွေ လည်း လိုပါတယ်..။ ဒီဖရူးဆိုမြို့နယ်ထဲမှာပဲ ကယောလူမျိုးစုတွေ နေထိုင်တဲ့ ကျေးရွာပေါင်း ၄၂ ရွာ ရှိနေပါတယ်။ အရင်ကဆိုရင် ကားလမ်းမရှိတာနဲ့ နယ်မြေမအေးချမ်းတာတွေကြောင့် ဒီရွာလေးတွေကို ရောက်ဖို့မလွယ်ဘူးလို့ ဆိုပါတယ်။

အခုဆိုရင် ထေခိုရွာကိုတော့ ရောက်လာပါပြီ။ ရွာအဝင်ကနေလှမ်းကြည့်လိုက်ရင် ပတ်ပတ်လည်က တောင်ခါးပန်းတွေပေါ်မှာ အိမ်လေးတွေ တည်ဆောက်ထားကြတာကို မြင်နေရပါတယ်။ နောက်တစ်ခုကတော့ ဒီရွာလေးမှာ အိမ်တိုင်းလိုလို ရောင်ခြည်သုံးဆိုလာပြားတွေ တပ်ဆင်ထားတာပါပဲ။ လမ်းပန်းဆက်သွယ်ရေးနဲ့ တောင်တန်းတွေရဲ့အနေအထားကြောင့် လျှပ်စစ်မီးသွယ်တန်းလို့ မရနိုင်သေးတာလို့တော့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ကျွန်မတို့ ရွာထဲဝင်ဝင်ချင်းမှာ ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ဆက် လက်ထိန်းသိမ်းထားဆဲဖြစ်တဲ့ ရွာသူရွာသားတွေကို တွေ့ရပါတယ်။ တချို့အရပ်ဒေသတွေဆိုရင် နည်းနည်းခေတ်မီဖွံ့ဖြိုးလာပြီ တိုးတက်လာ ပြီဆိုရင် ကိုယ့်ရဲ့ ရိုးရာကိုထိန်းသိမ်းမှုလျော့သွားကြတဲ့နေရာတွေ ရှိတယ်လေ။ ဒီရွာမှာတော့ အဲ့ဒီလို မဟုတ်ပါဘူး။

ဒီဒေသမှာ ဖာလာစေ့နဲ့ ဒညင်းသီးကို စီးပွားဖြစ်စိုက်ပျိုးကြတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ဒါပေမဲ့ ပွဲစားတွေကသာ ဒီဒေသ တွေကို ကိုယ်တိုင်လာရောက်ပြီး ဈေးဖြတ်ဝယ်ယူကြပါတယ်။ ဒီဒေသက ထွက်တဲ့ ဖာလာစေ့တွေဟာ ပွဲစားတွေကတဆင့် အိန္ဒိယနိုင်ငံဘက်ကို ကုန်ကြမ်းပစ္စည်းအနေနဲ့ ရောက်သွားကြတာပါ။ အခု ကျွန်မတို့ ရွာလူကြီးအိမ်ကို အရင်သွားလိုက်ပါဦးမယ်။

ဒီရွာလေးရဲ့အကြောင်းကို မေးရင်းမြန်းရင်းနဲ့ပေါ့နော။ ရွာလူကြီးနဲ့ အလ္လာပ သလ္လာပ စကားစမြည်။ဘုရားကျောင်းအကြောင်း အနည်းငယ်။ တစ်ရွာလုံး ရိုမန်ကက်သလစ်ဘာသာဝင်တွေဖြစ်တဲ့အကြောင်း။ သိလာရပါတယ်။

ဘာသာတရားကိုးကွယ်မှု အနေနဲ့က ဒီရွာမှာ ဘယ်ချိန်လောက်ကတည်းက စပြီးတော့ ဖြစ်သွားတာလဲ။

ကြာပြီ နှစ်တစ်ရာပြည့်တော့်မယ်။ ရွာတည်တာနဲ့ ကိုးကွယ်တာ တူတူပဲလေ။

ဘုရားကျောင်းဆောက်တာက ၂၀၀၂ တုန်းက ဆောက်တာ ဆိုတော့ ဘယ်ကို သွားပြီးတော့ ဘုရားကျောင်းတက်ရလဲ။

ဟိုဘက် အပေါ်ကုန်းပေါ်မှာ တစ်ခုရှိတယ်။

ကျွန်မအခုဆိုရင် ထေခိုရွာရဲ့ ဘုရားကျောင်းထဲကို ရောက်နေပါပြီ။ ဒီဘုရားကျောင်းကို စတင်တည်ဆောက်ခဲ့တာကတော့ ၁၉၉၇ ခုနှစ်ကပါ။ ၂၀၀၂ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ရွာလုံးကျွတ် ရိုမန်ကက်သလစ်ဘာသာကို ကိုးကွယ်ယုံကြည်ကြပါတယ်။ အီတလီက ဘုန်းတော်ကြီးတွေကိုယ်တိုင် မြန်မာပြည်တွင်းကို လာရောက်ပြီးတော့ ကယားပြည်နယ်မှာ အခြေချနေထိုင်ပြီးတော့  သာသနာပြုခဲ့ကြတာပါ။ ဒီရွာကလည်း ရွာလုံးကျွတ်ကိုးကွယ်ပါတယ်။ ဒီနေ့ကတော့ တနင်္ဂနွေနေ့ပါ။ ဒါပေမဲ့ အခုကတော့ ဘုရားကျောင်းတက်တဲ့အချိန်မဟုတ်တော့ ဘုရားကျောင်းတက်တဲ့သူ တွေကိုတော့ မတွေ့ရဘူးပေါ့။ ဒါပေမဲ့ တနင်္ဂနွေနေ့ဆိုရင် တောင်ယာသွားတဲ့ အလုပ်တွေကအစ အလုပ်တွေ အားလုံးနားပြီးတော့ ဘုရားကျောင်းတက်တာပဲ လုပ်ကြတယ်လို့ ဆိုပါတယ်ရှင့်။

ထေခိုရွာမှာ ကယော ရိုးရာအိမ် နည်းပါးလှပါတယ်။ ကယောရိုးရာအိမ်အဖြစ် တွေ့နိုင်တာ ဒီအိမ် ၂ လုံးပဲ ရှိတော့တယ်လို့ ရွာလူကြီးက ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်တိုင်းလိုလိုဟာ သူတို့ရိုးရာအတိုင်း ခြေတံရှည်အိမ်တွေဖြစ်ပေမယ့် အိမ်အမိုးကိုတော့ သွပ်ပြားတွေ မိုးထားတာကြောင့်ပါတဲ့။ တကယ့်ကယောရိုးရာအိမ်ကတော့ ခြေတံရှည်လည်း ဖြစ်ပြီး သက်ကယ်မိုးအိမ်ပါပဲ။ ဒါပေမဲ့ အိမ်ခေါင်ကတော်တော်လေးနိမ့်ပြီး အလင်းရောင်ကောင်းကောင်းမရတဲ့ အနေအထားကိုတော့ တွေ့နိုင်ပါတယ်။

အခု ထေခိုရွာက အမျိုးသမီးတွေရဲ့ ရိုးရာဝတ်စုံကိုလည်း လေ့လာကြည့်ရအောင်နော်။ 

ဈာမြာ၊ ခိုင်မွန်တို့နဲ့ ဒေသခံအမျိုးသမီးများ အပြန်အလှန်စကားပြောနေကြတာကို တွေ့ရပါတယ်။

သူတို့လူမျိုးတွေက သူတို့ရဲ့ ဆွဲကြိုးတွေကိုလည်း ရိုးရာအမွေအနှစ်တစ်ခုအနေနဲ့ တကယ့်ကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းပြီးတော့ ဝတ်ဆင်ကြတာရှင့်။ အဲ့ဒီမှာ ဒင်္ဂါးပြား တွေကိုလည်း တွေ့ရတယ်။ ဒီဒင်္ဂါးပြားတွေဟာဆိုရင် မိဘမျိုးရိုးကတည်းက အစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်လာတဲ့ ရတနာပစ္စည်းတွေလို သဘောထားပြီးတော့ကို ဝတ်နေကြတာရှင့်။ အရမ်းလည်း ကြည့်လို့လှ တယ်။ အရမ်းလည်း ကြည်နူးဖို့ကောင်းတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ရဲ့ရိုးရာအမွေအနှစ်ကို တကယ်ကို ထိန်းသိမ်းထားတဲ့ လူမျိုးစု တစ်စုကို တွေ့ရတဲ့အတွက်ပါ။

ရွာထဲမှာ ဒီလိုမျိုးရိုးရာဝတ်စုံ အမြဲဝတ်ဆင်ထားတဲ့ အမျိုးသမီး အယောက် ၈၀ ကျော်လောက် ရှိတယ်လို့လည်း ပြောကြပါတယ်။ ဒီထေခိုရွာမှာတော့ အမျိုးသမီးတွေဟာ အသက် ၆ နှစ်လောက် ကတည်းကနေ ရိုးရာဝတ်စုံကို စဝတ်ကြတယ်လို့ဆိုပါတယ်။ အခုချိန်ထိ လည်း မြတ်မြတ်နိုးနိုး ဝတ်ဆင်နေကြဆဲပါတဲ့။ ပွဲလမ်းသဘင်ရှိတဲ့ အခါမှာတော့ သူတို့အားလုံး ရိုးရာဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ ဒီနေ့ လည်း သူတို့ ရိုးရာအက ကပြဖို့ရှိနေပါတယ်။ အခု အလှပြင်ထားတဲ့ ကယောအမျိုးသမီးတွေကတော့ ရိုးရာအက ကပြဖို့ အသင့်ပြင်ထားကြတာပါရှင့်။ အခုဆို ရွာသူရွာသားတွေက ကယောရိုးရာအက တစ်ခုကို ကပြကြတော့မှာပါ။

ကျမတို့အားလုံး ရိုးရာအက ကပြတဲ့နေရာကို သွားခဲ့ကြပါသေးတယ်။ သီချင်းကတော့ အချစ်အလွမ်းနဲ့ ပတ်သက်တဲ့သီချင်းပါတဲ့။ ယောကျ်ားနဲ့ မိန်းမ လက်ချင်းယှက်ပြီး ခြေကိုလှုပ် လက်ကိုလှုပ်ပြီးတော့ ညင်ညင်သာသာ ကခုန်ရတဲ့ဒီအကဟာ ကယောလူမျိုးတွေရဲ့ စုပေါင်းလုပ်ဆောင်တတ်တဲ့ ဓလေ့ကို ဖော်ဆောင်နေပါတယ်။

ညင်ညင်သာသာ ကခုန်ရတဲ့ဒီအကဟာ ကယောလူမျိုးတွေရဲ့ စုပေါင်းလုပ်ဆောင်တတ်တဲ့ဓလေ့ကို ဖော်ဆောင်နေပါတယ်။

အခုဆိုရင် ရောက်ဖို့ခက်ခဲတယ်ဆိုတဲ့ ထေခိုရွာကနေ ပြန်လာပါပြီ။ ဒီနေရာလေးကိုရောက်ဖို့ တောင် ၁၂ လုံးလောက် ဖြတ်ရပါတယ်။ အပြန်မှာ သေချာကြည့်မိတာကတော့ လမ်းတွေဟာ ကျဉ်းပြီးတော့ ဘေးမှာ ပေ ၄ ထောင်လောက်နက်တဲ့ ချောက်ကြီးတွေနဲ့ပါ။ မကြာခင်မှာပဲ ရွာတစ်ရွာမှာ ခဏဝင်နားရပါဦးမယ်။ ကံကောင်းထောက်မစွာပဲ ဒီးကူးပွဲအချိန် ဖြစ်နေပါတယ်။  

ကျွန်မအခုရောက်နေတဲ့နေရာကတော့ ဖရူးဆိုမြို့နယ်မှာ ရှိတဲ့ ဒီခူလယ်ကျေးရွာမှာ ဖြစ်ပါတယ်။ အခုတွေ့ရတဲ့အတိုင်းပဲ ဒီကွင်းပြင်ကြီးအလယ်မှာ ရှိတဲ့ ဘုရားကျောင်းလေးဟာ လူ့ရဲ့စိတ်ကို တကယ့်ကို အေးချမ်းစေပါတယ်ရှင့်။ ဒီနေ့ဟာ တနင်္ဂနွေနေ့လည်း ဖြစ်တဲ့အတွက် ဘုရားကျောင်းတက်တဲ့သူတွေလည်း တော်တော်များများ ရောက်နေတာ တွေ့ရပါတယ်။ ဒီရွာကို အခု ကျွန်မတို့ ဘာကြောင့် ရောက်လာလဲဆိုတော့ အဓိကက ဒီအချိန်ဟာ ဒီးကူးပွဲတော်ပြုလုပ် တဲ့အချိန်ပါ။ ဒီးကူးပွဲအကြောင်းလည်း နည်းနည်းစပ်စုကြည့်မိပါတယ်။

ကယားပြည်နယ်မှာ ဒီးကူပွဲကို နှစ်စဉ် စက်တင်ဘာလမှာ ပြုလုပ်ကြ တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ အဲ့ဒီပွဲမှာ ကယားလူမျိုးတွေရဲ့ အမျိုးသားရေး သင်္ကေတဖြစ်တဲ့ ဒီးကူးကောက်ညင်းထုပ်ကို ကျွေးမွေးကြ တယ်လို့ ဆိုပါတယ်။ ရပ်ဝေးရပ်နီးကလာတဲ့ ဧည့်သည်တွေကို အကျွေးအမွေးနဲ့ ဧည့်ခံကြတယ်ဆိုတော့ ကျွန်မလည်း ဒီရွာက အိမ်တစ်အိမ်ကို သွားလည်ကြည့်ခဲ့ပါသေးတယ်။

ဒီးကူပွဲတော်ကို လာတဲ့ ဧည့်သည်တွေကို ဝက်သားလုံး၊ ခေါင်ရည်၊ ဒီးကူကောက်ညင်းထုပ်…တွေနဲ့ ဧည့်ခံကျွေးမွေးကြပါတယ်။

ကောက်ညင်းထုပ်ပုံကို ဒေသခံမိန်းကလေးလုပ်ပြပါသေးတယ်။

ကောက်ညှင်းထုပ်လုပ်ဖို့ဆိုတော့ ကောက်ညှင်းရယ် ဒီ ဒီးကူရွက် လိုတာပေါ့နော်။ ပြီးတော့ ချည်ဖို့အတွက် နှီးရယ်ပေါ့။ အရင်ဦးဆုံး ဒီးကူရွက်ကို ကန်တော့ ပုံစံလေး ချိုးလိုက်တာပေါ့။ ချွန်ချွန်လေးပေါ့နော်။ ဆန်ကိုလည်း တအားမောက်မောက်ပြီးတော့ ထည့်လို့လဲ မရဘူးပေါ့နော်။ သူခွက်ကလေးအတိုင်း အထိ ထည့်ပေးရပါတယ်။ ဒီလိုမျိုး ဒီးကူကို သုံးခု စီပြီးတော့ ဒီးကူ တစ်ခု ဖြစ်လာတယ်ပေါ့။

အခုနက အိမ်ရှင်ဦးလေး ပြောပြသွားတာ သူတို့ အယူဆပေါ့နော်။ ထုံးစံအနေနဲ့ ဒီးကူထုပ် သုံးထုပ်ကို စုပြီးတော့ ချည်တယ်လို့ ပြောကြတယ်။ ဒီလို ချည်ရတဲ့ ရည်ရွယ်ချက်လေး ကတော့ ကယားတိုင်းရင်းသားတွေဟာ အလွန် စည်းစည်းလုံးလုံး ရင်းရင်းနှီးနှီး ရှိဖို့ ပြီးတော့ ဒီးကူဆိုတဲ့ အနှစ်သာရလေး ကို သိဖို့ အဲလို အစဉ်လာမြဲအတိုင်း ထုပ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

အဲလို သုံးခုစုပြီး ချည်တာ အဓိက က တိုင်းရင်းသားတွေ စည်းလုံးဖို့  အဲဒီရည်ရွယ်ချက်လေးနဲ့ပေါ့။ ရည်ရွယ်ချက်လေးက တကယ့်ကို ကောင်းပါတယ်။ အဲတာကြောင့် စားဖူးနေကြ မုန့်ဖက်ထုပ်တို့ အခြားထုပ်တွေက အားလုံးက တစ်ထုပ်ပဲ လေ။ ဒါကိုလဲ တစ်ထုပ်ပဲ ထားရင် ဖြစ်ရဲ့သားနဲ့ သုံးခုစုပြီး ချည်တာ မြင်ကတည်းက စိတ်ဝင်စားမိပါတယ်။

ဒီးကူကို အဲလိုမျိုး လျောက်စားလို့လဲ မရဘူး။ ရောင်းစားလို့လဲ မရဘူး။ ဒီးကူပွဲချိန်ဆိုတာ ကယားမှာ ကိုးလပိုင်းနဲ့ ဆယ်လပိုင်းမှာ လုပ်ရတယ်။ အဲဒီအချိန်မှာပဲ စားလို့ရတယ်။ အချိန်မရောက်သေးသရွေ့  စားလို့မရဘူးလို့ သိရပါတယ်။ တစ်နှစ်မှ တစ်ခါလုပ်ပြီး ပွဲတော်ရာသီမှာပဲ စားရတဲ့ အစားစား ဖြစ်ပါတယ်။

ထုပ်ပြီးသွားတဲ့ ဒီးကူ အထုပ်ကလေးကို ပြုတ်ပေးရပါတယ်။ ပြုတ်လို့ရှိရင်လည်း တစ်ညလုံး ထိုင်ပြုတ်ပေးရပါတယ်။

ဒီနေ့တော့ အရင်တချိန်က နယ်မြေမအေးချမ်းမှုကြောင့် ရောက်ဖို့ခဲယဉ်းတဲ့ ဒေသတစ်ခုကို ရောက်ခဲ့တာဖြစ်ပါတယ် … ဒီဒေသလေးမှာ ကိုယ့်ရိုးရာကို တန်ဖိုးထားမြတ်နိုးကြတဲ့ ကယောလူမျိုးစုတွေကို တွေ့ဆုံခင်မင်ခွင့် ရခဲ့ပါတယ် … ဧည့်သည်ကို ဖော်ဖော်ရွေရွေဧည့်ခံကြတာကိုလည်း မြင်ခဲ့ရပါတယ်။