Miss Tourism World 2015 ပြိုင်ပွဲတွင် ရခိုင်ရိုးရာ သတို့သမီး ဝတ်စုံဖြင့် ယှဉ်ပြိုင်မည့် အလှမယ် စီစီအေးကို

Miss Tourism World 2015 ပြိုင်ပွဲတွင် ရခိုင်ရိုးရာ သတို့သမီး ဝတ်စုံဖြင့် ယှဉ်ပြိုင်မည့် အလှမယ် စီစီအေးကို

ရန်ကုန်၊ ဇန်နဝါရီ ၉ ။         ။ မလေးရှား နိုင်ငံတွင် ကျင်းပလျက် ရှိသည့် Miss Tourism World 2015 ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အလှမယ် စီစီအေးကိုက ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပြီး ထိုပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ဝတ်စုံကို ရခိုင်ရိုးရာ သတို့သမီး ဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

Miss Tourism World 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် အလှမယ် စီစီအေးကို ကို Miss Golden Land Myanmar Organizationမှ ရွေးချယ် စေလွှတ်ခြင်း ဖြစ်ပြီး ပြိုင်ပွဲ အတွက် ဇန်နဝါရီ ၄ ရက်က မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခြင်း ဖြစ်သည်။

အလှမယ် စီစီအေးကို၏ နိုင်ငံကိုယ်စားပြု ဝတ်စုံ ဖြစ်သည့် ရခိုင်ရိုးရာ သတို့သမီးဝတ်စုံကို ဒီဇိုင်နာ Shar Tra မှ ဖန်တီး ချုပ်လုပ်ပေးထားသည်။ Designer Shar Tra ကိုယ်တိုင် ရခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်သည့်အတွက် ရခိုင် သတို့သမီး National Costume ကို ရိုးရာမပျက် ဆန်းသစ်လှပအောင် ဖန်တီး ပေးထားသည်။

Miss Tourism World 2015 ပြိုင်ပွဲကို United Kingdom အခြေစိုက် "Tourism World Organization" မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၅၀ကျော်မှ အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်သည့် အလှမယ် ပြိုင်ပွဲတစ်ခု ဖြစ်သည်။
ထိုပြိုင်ပွဲတွင် ချီးမြှင့်မည့် Miss Popular Award အတွက်ကိုလည်း လက်ရှိတွင် အွန်လိုင်းမှ မဲပေးနိုင်ပြီ ဖြစ်ပြီး မဲအများဆုံး ရရှိသည့် အလှမယ်သည် Miss Tourism World 2015 ဖိုင်နယ် ပြိုင်ပွဲတွင် Miss Popular Award ကို ရရှိမည် ဖြစ်သည်။

Miss Tourism World 2015 ပြိုင်ပွဲကို လက်ရှိတွင် မလေးရှားနိုင်ငံတွင် ကျင်းပလျက် ရှိပြီး အလှမယ်များမှ Tourism World Organization နှင့်အတူ ပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ Miss Tourism World 2015 ဖိုင်နယ် ပြိုင်ပွဲကို ဇန်နဝါရီ ၁၆ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly