ဒေါ်လာ ၄၆၅,၀၀၀တန် မော်စီတုံးရုပ်တုကြီး ဖြိုချခံရဟု သတင်းထွက်ပေါ်

ဒေါ်လာ ၄၆၅,၀၀၀တန် မော်စီတုံးရုပ်တုကြီး ဖြိုချခံရဟု သတင်းထွက်ပေါ်

ပေကျင်း၊ ဇန်နဝါရီ ၉ ။               ။ တရုတ်နိုင်ငံ အလယ်ပိုင်း ကျေးလက်ဒေသရှိ ပေ ၁၂၀ မြင့်သော မော်စီတုံး၏ ရွှေရောင်ရုပ်တုကြီးမှာ ကမ္ဘာက စိတ်ဝင်စားပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ဖြိုချခံရသည်ဟု ဇန်နဝါရီ၈က သတင်းများထွက်ပေါ်ခဲ့သည်။

မီဂါမော်ဟု အမည်ပေးထားသော ၎င်းရုပ်တုကြီးကို အချိန်ကိုးလကြာ တည်ဆောက်ခဲ့ရပြီး ယင်းဒေသရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်အချို့က ဒေါ်လာ ၄၆၅,၀၀၀အကုန်အကျခံ ဆောက်လုပ် ခဲ့ခြင်းဖြစ် သည်ဟု အေအက်ဖ်ပီက အစီရင်ခံသည်။ တရုတ်ဝက်ဘ်ဆိုက်တစ်ခုက ဥက္ကဋ္ဌကြီးမော်၏ ရုပ်တုပုံများကို ဇန်နဝါရီ၄က တင်လိုက်ရာမှ ပျံ့နှံသွားခဲ့သည်။

သို့သော်လည်း ကွန်မြူနစ်တော်လှန်ရေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သူဖခင်ကြီး မော်စီတုံး၏ရုပ်တုတည်ဆောက်မှုမှာ အစိုးရ၏အတည်ပြုချက်များမရရှိခဲ့ဟု People's Daily Online ကိုကိုးကား၍ နိုင်ငံပိုင်စီစီတီဗွီရုပ်သံက အစီရင်ခံခဲ့သည်။

တစ်ခုစီဖြိုဖျက်ထားမှုအား ရိုက်ယူထားသောပုံများတွင် ရုပ်တု၏ ဦးခေါင်းပေါ်တွင် အနက်ရောင်အဝတ်စတစ်ခုဖုံးထားပြီး ခြေလက်များပေါ် ဖုံးမထားပေ။ ဇန်နဝါရီ ၇ ရက်နေ့ နံနက်မှစ၍ ဖြိုဖျက်သည့် အဖွဲ့များ လုပ်ငန်းစတင်ခဲ့သည်။ ဇန်နဝါရီ ၈ တွင် ပြီးစီးသည်။ သို့သော်လည်း အပျက်အစီးပုံက ရှိနေသေးသည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

အနီးရှိ ကျွီရှီးကန်ရွာတွင် နေထိုင်သူများနှင့် တရုတ်လူမှုမီဒီယာဆိုက်များက စီမံကိန်းကို ဦးဆောင်သူမှာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင် စွန်ချင်းရှင်ဖြစ်သည်ကို လေ့လာသိရှိခဲ့ကြသည်။

၎င်းမှာ ကောင်တီခရိုင်ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ၏ ဒု-ဥက္ကဋ္ဌလည်းဖြစ်သည်။ "သူက မော်ကို အရူးအမူးနှစ်သက်တဲ့သူပါ။ သူ့စက်ရုံမှာ မော်ရဲ့ပုံတွေအပြည့်ပဲ"ဟု မစ္စတာဝမ်ဆိုသူ အာလူးတောင်သူတစ်ဦးက တိုင်းမ်သို့ ပြောကြားခဲ့သည်။

အွန်လိုင်းမှ သုံးသပ်သူများက ဆင်းရဲသော ယင်းဒေသအတွက် ရုပ်တုကြီးအတွက် ယခုကဲ့သို့ ကုန်ကျငွေကို ပညာရေးသို့မဟုတ်ကျန်းမာရေးအတွက် အသုံးပြု၍ ရနိုင်မရနိုင် သိလိုနေကြသည်။ အချို့က လည်း၁၉၅၀ပြည့်လွန်နှစ်များ နောက်ပိုင်းက ဟီနန်ပြည်နယ်တွင် လူ သုံးသန်းမှာ အငတ်ဘေးကြောင့် သေဆုံးခဲ့ရာ ယင်းဒေသအတွက် မီဂါမော်ရုပ်တုကြီး အမှန်တကယ်လိုမလို မေးခွန်းထုတ်ကြသည်ဟု ဂါးဒီးယန်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly