အလှဆုံးပွဲ

09 January 2016
အလှဆုံးပွဲ

ဒီတစ်ပတ် မဇ္ဈိမရဲ့အလှဆုံးပွဲကဏ္ဍမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၁) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ဝက်စ်ဘရွန်း ပွဲစဉ်ကို သုံးသပ်ဖော်ပြပေးမှာဖြစ်ပါတယ်။

ချယ်လ်ဆီး - ဝက်စ်ဘရွန်း

(၁၄-၁-၂၀၁၆ ကြာသပတေးနေ့နံနက် ၀၂း၁၅)

ထိပ်တိုက်တွေ့ဆုံမှု

၂၃-၈-၁၅ (ပရီးမီးယားလိဂ်)       ဝက်စ်ဘရွန်း ၂-၃ ချယ်လ်ဆီး

၁၉-၅-၁၅ (ပရီးမီးယားလိဂ်)       ဝက်စ်ဘရွန်း ၃-၀ ချယ်လ်ဆီး

၂၂-၁၁-၁၄ (ပရီးမီးယားလိဂ်)     ချယ်လ်ဆီး ၂-၀ ဝက်စ်ဘရွန်း

ချယ်လ်ဆီး

ချယ်လ်ဆီးအကြောင်းကို ပြောရမယ်ဆိုရင် နည်းပြဟစ်ဒင့်ကနေပဲ စပြောရမှာပဲ။ အခုလောလောဆယ်မှာ သူက ကာလတို တာဝန်ယူထားတာပေါ့။ ၂၀၀၉ တုန်းကလည်း ချယ်လ်ဆီးမှာ အခုလို ကာလတို တာဝန်ယူခဲ့ဖူးတယ်။ စကိုလာရီ ထုတ်ခံရတုန်းကပေါ့။ အဲ့ဒီတုန်းက သူက ရုရှလက်ရွေးစင်အသင်းနဲ့ ပူးတွဲကိုင်ခဲ့တာပေါ့။ အဲ့ဒီမှာ သူ ၂၂ ပွဲ ကိုင်ခဲ့ရာမှာ တစ်ပွဲပဲရှုံးခဲ့တယ်။ နိုင်ပွဲတွေလည်း တော်တော်ရ ခဲ့တယ်။ အနိုင်ရာခိုင်နှုန်း ကောင်းခဲ့တယ်ပေါ့။

အဲ့ဒီနှစ်မှာ ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဆီမီးပို့ပေးနိုင်ခဲ့တယ်။ ဘာစီလိုနာနဲ့ နှစ်ကျော့သရေကျပြီး အဝေးဂိုးကြောင့်သာ ပြိုင်ပွဲက ထွက်ခဲ့ရတယ်။ အက်ဖ်အေဖလားတော့ရခဲ့တယ်။ သူရောက်လာတဲ့ အချိန်မှာလည်း အသင်းက အခု ရလဒ်တွေ နည်းနည်းပြန်တက်လာတယ်။ ရှုံးပွဲမရှိသေးဘူး။ သူ သုံးပွဲကိုင်တဲ့ အချိန်မှာ ဝက်ဖို့ဒ်နဲ့ ၂-၂၊ မန်ယူနဲ့ ဝ-၀၊ အခုနောက်ဆုံးပွဲမှာ ပဲလေ့စ်ကို ၃-၀ နဲ့ နိုင်တယ်ပေါ့။ ဒါပေမဲ့ အခု သူ့လက်ထက်မှာတော့ အိမ်ကွင်းနိုင်ပွဲ မရသေးဘူး။ အဲ့ဒီတော့ ဒီပွဲစဉ်က သူ့ရဲ့ ပထမဆုံးအိမ်ကွင်းနိုင်ပွဲ ဖြစ်လာမလားဆိုပြီးတော့ စောင့်ကြည့်ရမှာပေါ့နော်။

ဝက်စ်ဘရွန်း

ဝက်စ်ဘရွန်းကတော့ ဒီရာသီမှာ ခြေစွမ်းအနည်းငယ်ကျနေတယ်လို့ ပြောလို့ ရတာပေါ့။ အဓိက အားနည်းနေတာကတော့ တိုက်စစ်ပိုင်းပဲ။ ဘရာဟီနိုပေါ့။ ပြီးခဲ့တဲ့နှစ်က တော်တော်လေးခြေစွမ်းပြခဲ့ပေမယ့် ဒီရာသီမှာတော့ Performance က ကျနေတယ်။ အင်္ဂလန်တိုက်စစ်မှူးတွေရဲ့ ထုံးစံလိုဖြစ်နေတယ်ပေါ့။ ဒီရာသီမှာ သူ့သွင်းဂိုးက သုံးဂိုးပဲရှိတယ်။ ပြီးတော့ သူနဲ့ တွဲဖက်တဲ့ တိုက်စစ်မှူး ရွန်ဒွန်။ သူကလည်း ရာသီအစသုံးပွဲလောက်ကတည်းက ဒဏ်ရာပြဿနာအချို့နဲ့ရုန်းကန်ခဲ့ရတယ်။ ဒါကြောင့်ပဲ အသင်းရဲ့ တိုက်စစ်က သိသိသာသာ ကျသွားတယ်။ ဘယ်လောက်တောင်ဆိုးလဲဆို။ နောက်ဆုံးကိုးပွဲမှာ သွင်းဂိုးအားကကျပြီး ဂိုးနည်းတဲ့ပွဲက ရှစ်ပွဲအထိတောင် ရှိခဲ့တယ်။ လက်ရှိမှာ ခံစစ်ကိုပဲ အဓိက ထားနေရတယ်။ ဂိုးရဖို့အတွက်ကတော့ တောင်ပံတိုက်စစ်ကစား မော်ရစ်ဆင်ကို အားကိုးနေရတယ်။ အသင်းက ဟန်ချက်မညီဘူး။

သုံးသပ်ချက်

ချယ်လ်ဆီးက အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှုမှာ ရှုံးပွဲမရှိဘူး။ နှစ်ပွဲနိုင် တစ်ပွဲသရေ။ လက်ရှိအနေအတထားရလည်း ချယ်လ်ဆီးက အတက်ဖက်ကို ပြန်ရောက်လာတဲ့အတွက် ဝက်စ်ဘရွန်းက အဝေးကွင်းမှာ ခံကစားနိုင်ဖို့ မလွယ်ဘူး။ ဝက်စ်ဘရွန်းရဲ့ ကျစ်လစ်တဲ့ ခံစစ်ကိုလည်း ထိုးဖောက်မယ့် ချယ်လ်ဆီးဘက်မှာ ဒီယေဂိုကော်စတာရှိမယ်။ ကော်စတာက နောက်ပိုင်းမှာ ဂိုးတွေ ပြန်ရလာတယ်။ ပရိသတ်တွေက သဘောမကျပေမယ့် အခု သွင်းဂိုးတွေနဲ့ ပရိသတ်အားပေးမှုကို ပြန်ရအောင် ကြိုးစားနေတယ်။

ချယ်လ်ဆီးတိုက်စစ်ကို ဝက်စ်ဘရွန်းရဲ့ခံစစ်က တောင့်ခံနိုင်ပါ့မလား။ ကိန်းဂဏာန်းတွေအရဆိုရင်တော့ ဝက်စ်ဘရွန်းက ခံစစ်ကောင်းတာ သိသာတယ်။ သူတို့ကတော့ တတ်နိုင်သလောက် ခံစစ်အား နဲ့တောင့်ခံကစားဦးမှာပဲ။ ဒါပေမဲ့ နောက်တန်းကစားသမားတွေရဲ့ အရည်အချင်းကိုကြည့်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ဒုတိယတန်းစားလောက်ပဲ ရှိတယ်။ ချယ်လ်ဆီးမှာက ကော်စတာ တို့လို ဟက်ဇက်တို့လို ကမ္ဘာ့အဆင့်တိုက်စစ်ကစားသမားတွေ ဖာဘရီဂက်စ်တို့လို ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမားတွေရှိနေတဲ့အတွက် ဝက်စ်ဘရွန်းတို့ တောင့်ခံထားနိုင်ရင်တောင် ပွဲချိန်ပြည့်တောင့် ခံဖို့တော့ မလွယ်ဘူး။ ဒါကြောင့် ဒီပွဲမှာ ချယ်လ်ဆီး ၂-၀ လို့ ခန့်မှန်းချင်ပါတယ်။

အလှဆုံးပွဲရွေးချယ်မှု - ချယ်လ်ဆီး

ခန့်မှန်းသွင်းဂိုး - ချယ်လ်ဆီး ၂ - ၀ ဝက်စ်ဘရွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly