ပျက်စီးဆုံးရှုံးဆုံးမှုတန်ဖိုး အတည်ပြုနိုင်ရေး ပိုင်ရှင်များထံမှ ရယူစိစစ်နေ

ပျက်စီးဆုံးရှုံးဆုံးမှုတန်ဖိုး အတည်ပြုနိုင်ရေး ပိုင်ရှင်များထံမှ ရယူစိစစ်နေ
မင်္ဂလာစျေး ဇန်နဝါရီ ၉ရက် နံနက် ၂နာရီကျော်က မီးလောင်ကျွမ်းနေစဉ်။ (ဓာတ်ပုံ-အီးပီအေ)

ရန်ကုန်၊ ဇန်နဝါရီ ၉ ။ ။ မင်္ဂလာဈေးမီးလောင်ပျက်စီးဆုံးရှုံးမှု တန်ဖိုးအတည်ပြုနိုင်ရေးအတွက် ဆိုင်ခန်းပိုင်ရှင်များထံမှ အချက်အလက် ရယူကာ စိစစ်နေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ဋ္ဌေးက ဇန်နဝါရီ ၉ရက်၊ မွန်းတည့် ၁၂နာရီတွင် မဇ္ဈိမသို့ပြောကြားသည်။

"၃ထပ်နဲ့ ၄ထပ်မှာ ဆိုင်ခန်း ၁၀၀၀ကျော် လောင်တယ်လို့ စည်ပင်ကသတင်းပေးတယ်။ ဘာကြောင့်လောင်လဲ ဆိုတာကို စုံစမ်းဆဲပဲ မီးကတငွေ့ငွေ့လောင်နေတာကို အခုလိုက်ပြီးငြိမ်းနေသေးတယ်။ ဆုံးရှုံးမှုတန်ဖိုးအတွက် ဆိုင်ခန်းပိုင်ရှင်တွေဆီက တောင်းယူစိစစ်နေတယ်။ တစ်ချို့ကပစ္စည်းတွေ လှောင်ထားတာတွေလည်းရှိတယ်။ အခုထိတော့ အတိအကျမသိရသေးဘူး။" ဟု ၎င်းကဆိုသည်။

ဇန်နဝါရီ ၉ရက်မနက်၊ ၁နာရီကျော်မှစတင်ကာ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မင်္ဂလာဈေး မီး စတင် လောင်ကျွမ်းခဲ့ပြီး သက်ဆိုင်ရာမီးသတ်ဌာနများက ၁နာရီ ၄၀မိနစ်တွင်ရောက်ရှိကာ စတင်မီးငြိမ်းသတ် ခဲ့ခြင်းလည်းဖြစ်သည်။

မီးလောင်ကျွမ်းခဲ့သည့် မင်္ဂလာဈေး စတုတ္ထထပ် နှင့် တတိယထပ်တို့သည် အလှကုန်၊ ဆေးဝါးပစ္စည်းနှင့် စားသောက်ဆိုင်အများစု တည်ရှိသည်နေရာလည်းဖြစ်သည်။

မင်္ဂလာဈေးမီးလောင်မှုနှင့် ပက်သက်ပြီး အစုအဖွဲ့လိုက်မီးငြိမ်းသတ်ရသည့် အဆင့် ၅ အဖြစ် သတ်မှတ်ကာ တပ်ဖွဲ့ဝင် ၈၀၀ကျော်နှင့် မီးသတ်ကားအစီးရေ ၂၀၀ကျော်ကိုအသုံးပြုကာ မီးသတ်ခဲ့ရပြီး၊ မနက် ၅နာရီ၊ ၅မိနစ်တွင် မီးအရှိန်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အတွင်း၌ လောင်းကျွမ်းမှု အရှိန်မသေသေးသည့် မီးများကို လိုက်လံရှာဖွေ ငြှိမ်းသတ်နေဆဲဟု ဦးသောင်းတင်ဋ္ဌေးက ဆိုသည်။

မင်္ဂလာဈေးမီးလောင်ကျွမ်းမှုကြောင့် မီးငြိမ်းသတ်သည့် မီးသတ်ရဲဘော်နှစ်ဦး ထိခိုက်ရှနာဒဏ်ရာရရှိခဲ့ပြီး အခြားထိခိုက်မှုမရှိခဲ့ကြောင်းနှင့် စည်ပင်သာယာအနေဖြင့် မည်သည့်ပုံစံဖြင့်အာမခံတင်ထားသည်ကို စိစစ်နေဆဲဟု အရှေ့ပိုင်းခရိုင်ထွေအုပ်ရုံးမှသိရသည်။

အဆိုပါဈေးသည် ၂၀၁၀ခုနှစ် နှစ်ကုန်ပိုင်းကလည်း မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သဖြင့် အသစ်ပြန်လည်တည် ဆောက်ထားသည့် ဈေးသစ်တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly