နှင်းဆီပဲစိုက်စိုက် ဂန္ဓမာပဲစိုက်စိုက် ၀င်ငွေကောင်းတဲ့ ပန်းပင်တွေချည်းပါပဲ

08 January 2016
နှင်းဆီပဲစိုက်စိုက် ဂန္ဓမာပဲစိုက်စိုက် ၀င်ငွေကောင်းတဲ့ ပန်းပင်တွေချည်းပါပဲ

မြန်မာ စကားပုံမှာဆိုရင်တော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတာ လူတိုင်း သိကြမှာပါ။ အဲဒီလိုပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ နှင်းဆီကို နှစ်သက်ကြတယ်။ မြတ်နိူးကြတယ်။ အဲဒီတော့ ဒီနှင်းဆီပန်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘယ်လို စိုက်ပျိုးရသလဲ ပန်းလှလှလေးဖြစ်အောင် ဘယ်လိုပြုစုရသလဲ ဆိုတာ သိရှိစေဖို့ အတွက် ကျွန်တော်တို့ ဒီမှာရှိတဲ့ ဥယျာဉ်မှူးတွေနဲ့ တွေ့ဆုံပြီးတော့ ဘယ်လို စိုက်ပျိုးရသလဲ ဆိုတာကို ကျွန်တော်တို့ တင်ဆက်ပေးသွားမှာပါ။

နှင်းဆီမှာဆိုရင် အမျိုးပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။ တကယ်တမ်း မျိုးစိပ်က ၁၅၀ ကျော်လောက်ရှိပါတယ်။ အဲဒီတော့ တကယ်တမ်း နှင်းဆီကို ခွဲခြားလိုက်မယ်ဆိုရင် ချုံပုတ်နှင်းဆီရယ်၊ နွယ်နှင်းဆီရယ် နှစ်ခုပဲ ရှိပါတယ်။ ပြီးတော့ နှင်းဆီစိုက်ပျိုးတဲ့အခါမှာလည်း အစေ့ကို စိုက်ပျိုးလို့ရတာ မဟုတ်ပါဘူး။ မျိုးပင်ကိုသာ စိုက်တာဖြစ်ပါတယ်။ 

မျိုးပင်ကို စိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံး မျိုးထုပ်ကို ကြည့်ရပါမယ်။ မျိုးထုပ်မှာ အမြစ်တွေ ထွက်နေမယ်ဆိုရင် အဲဒီအမြစ်တွေကို ညှပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် မျိုးထုပ်နဲ့ ကိုက်ညီတဲ့ မြေကျင်းကို တူးရမှာ ဖြစ်ပါတယ်။ တူးပြီးတော့ ပလပ်စတစ်အိတ်ကို ဖယ်လိုက်ပါ။ ဖယ်ပြီးတော့မှ စိုက်ရမှာ ဖြစ်ပါတယ်။ မျိုးပင်ကို မြေကြီးထဲမှာ လေးလက်မ ငါးလက်မလောက် ထားပြီးတော့ စိုက်ပေးရမှာပါ။ စိုက်ပျိုးတဲ့အခါမှာလည်း မြေကို ကျပ်နေအောင် ပတ်ပတ်လည်မှာ ရှိတဲ့ မြေကြီးတွေကို ဖိပေးရပါတယ်။ စိုက်ပျိုးပြီးစ အပင်တွေကိုတော့ ရေဂရုတစိုက် လောင်းပေးရမှာပါ။ အပင်ကြီးများအတွက်ဆိုရင်တော့ တစ်ရက်မှာ ဒါမှမဟုတ်ရင် တစ်ကြိမ် တစ်ပါတ်မှာ တစ်ကြိမ် ခန့် ရေလောင်းပေးရမှာပါ။ နှင်းဆီကတော့ မြေအမျိုးစားမရွေး စိုက်ပျိုးနိုင်ပေမယ့် အပွင့်နှုန်းကောင်းမွန်စေရန်နှင့် အပင်ကြီးထွားစေရန် မြေသြဇာကောင်းမွန်စွာ ရရှိဖို့ လိုအပ်ပါတယ်။ ရေဝပ်ခြင်းကို မနှစ်သက်တဲ့ အတွက် ရေစိမ့်ဝင်မှု ကောင်းတဲ့မြေ ဒါမှ မဟုတ်ရင် စိုက်ဘောင်တွေနဲ့ စိုက်ပျိုးသင့်ပါတယ်။

စိုက်ဘောင်များကိုတော့ မြေကြီးမှ ၆လက်မခန့် အမြင့် ထားပေးရမှာပါ။ စိုက်ဘောင် အလျားပေ ၃၀ အနံ ၅ပေ အတွက်ဆိုရင် နွားချေး ငါးတင်းနဲ့ မီးဖိုပြာ ၂ ပြည်ခန့်ကို မြေနဲ့ရောပေးရမှာပါ။ အပင်ကိုတော့ တစ်ပင်နှင့်တစ်ပင် သုံးပေခန့် စိုက်ပျိုးပေးရမှာပါ။ စိုက်ပျိုးဖို့ အကောင်းဆုံး အချိန်တွေကတော့ မိုးနည်းတဲ့ ဒေသတွေမှာဆိုရင်တော့ မိုးဦးကျနဲ့ မိုးများတဲ့ ဒေသတွေမှာဆိုရင် ဆောင်ဦးပေါက် ကာလတွေမှာ စိုက်ပျိုးပေးရမှာပါ။ စိုက်ပျိုးမယ့် ပျိုးပင်တွေကိုလည် သေချာစွာ စစ်ဆေး သင့်ပါတယ်။ မစိုက်ပျိုးမီ တစ်ပါတ် အလိုလောက်မှာ မှိုသတ်ဆေး ပိုးသတ်ဆေးတွေကို ဖျန်းပေးထားရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ အခါမှာလည်း မျိုးထုပ်ရဲ့ အပြင်ကို ထွက်နေတဲ့ အမြစ်တွေကို ဖြတ်ပြီးတော့ မြေစိုင်ခဲမပျက် စိုက်ပျိုးခြင်းနှင့် မြေစိုင်ခဲကို ဖယ်ပြီး အမြစ်ကို ရေထဲမှာ တစ်နာရီခန့်စိမ်ပြီး စိုက်ပျိုးခြင်း ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။

နှင်းဆီပန်း တစ်ပွင့် ရောင်းပန်းဝင်ဖို့ အတွက်ဆိုရင်တော့  ကိုင်းရှင်းတဲ့နေရာမှာ အရမ်းပဲ အရေးကြီးပါတယ်။ ကိုင်းရှင်းခြင်းဟာ နှင်းဆီပန်းပင် ရှင်သန်ရပ်တည်ဖို့နဲ့  ပန်းပွင့်လှလှ ဖြစ်ဖို့အတွက်တော့ အရမ်းပဲ အရေးကြီးပါတယ်။ ကိုင်ဘယ်လို ရှင်းရမလဲဆိုတာကို လက်တွေ့ပြသမှာ ဖြစ်ပါတယ်။ နှင်းဆီပန်းပင် ကိုင်းရှင်းတဲ့ အခါမှာ ဘာကိုကြည့်ရမလဲဆိုတော့ အောက်မှာ နှစ်ကိုင်းလောက်ချန်ပြီး ညှပ်ပေးရမှာပါ။ ဒါမှ ထွက်လာတဲ့ အတက်တွေက သန်မာပြီးတော့မှ ရောင်းပန်းဝင်တဲ့ ပန်းတွေ ဖြစ်လာမှာ မို့ပါ။

ကိုင်းသင်ပြီးတော့ တစ်လခွဲကြာတဲ့အခါမှာတော့ ပန်းများ စတင်ဖူးပွင့်လာမှာ ဖြစ်ပါတယ်။ ပန်းခူးခြင်းနဲ့ ကိုင်းသင်ခြင်းကိုတော့ နောက်ပိုင်းမှာ အတူတူ လုပ်ဆောင်လာရမှာပဲ ဖြစ်ပါတယ်။ ပန်းခူးတဲ့အခါ ပန်းပွင့်ရဲ့ အောက်ခြေမှာ ရှိတဲ့ အတက်လေးငါးဆစ်ပါအောင် ခူးပေးရမှာပဲ ဖြစ်ပါတယ်။ ဒါမှသာ သန်စွမ်းတဲ့ ကိုင်းတွေ ထပ်တွက်လာပြီးတော့ ဖူးပွင့်မှာ ဖြစ်ပါတယ်။

နှင်းဆီပင်ကိုတော့ တစ်နှစ်မှာ တစ်ကြိမ်ခန့် အစာကြီး ကျွေးရပါတယ်။ နှင်းဆီပန်းတွေကိုတော့ အစေ့မှ စိုက်ပျိုးလေ့ မရှိဘဲ ကိုင်းထိုးပြီး စိုက်ပျိုးလေ့ ရှိပါတယ်။ ကိုင်းများကိုတော့ ၄ လက်မ ကနေ ၈ လက်မ အရှည် ကိုင်းပြတ်တွေကို ဖြတ်ပြီး ပျိုးထောင်နိုင်မှာ ဖြစ်ပါတယ်။ မိုးရာသီမှာတော့ မြေထုပ်ဆီး ပြီးတော့လည်း မျိုးပွားနိုင်ပါတယ်။ နှင်းဆီပန်းကတော့ နေ့စဉ် ဝင်ငွေရနေတဲ့ ပန်းဖြစ်ပြီးတော့ သက်တမ်းအားဖြင့် ၃ နှစ်ထိ ပန်းများကို ခူးဆွှတ်နိုင်ပါတယ်။

နှင်းဆီပင်မှာ ကျရောက်တတ်တဲ့ ရောဂါတွေကတော့ ကိုင်းဖျားခြောက်မှိုရောဂါ၊ ကျီးပေါင်းရောဂါ၊ ဖားဥ မှိုရောဂါနှင့် နှင်းဆီ ကွက်ပျောက် ရောဂါတို့ပဲ ဖြစ်ပါတယ်။ ကျရောက်တတ်တဲ့ ဖျက်ပိုးတွေကတော့ ဖိုးလမင်းကျိုင်း၊ ခြ၊ အနီရောင်ကြေးပိုး၊ ပြပိုး၊ ရွက်ဖြတ်ပိုး၊ ပင်ဆီထွင်းတဲ့ နကျီနှင့် ပင့်ကူနီတို့ပဲ ဖြစ်ပါတယ်။ နှင်းဆီပန်းကို စိုက်ပျိုးနေတဲ့ မှော်ဘီြမို့နယ် ညောင်ပင်သာရွာက ဥယျာဉ်မှူးဖြစ်တဲ့ ကိုဖြိုးမြင့်ကိုက နှင်းဆီပန်း စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ အခုလို ရှင်းပြပါတယ်။

နှင်းဆီစိုက်တဲ့ အကြောင်းရင်းကတော့ နေ့စဉ် ပုံမှန်ဝင်ငွေရလို့ ဆိုပြီး နှင်းဆီကို ရွေးစိုက်ခဲ့တာပေါ့။ အားသာချက်က သူက ကိုယ်ဂရုစိုက်တဲ့ အပေါ်မူတည်ပြီးတော့ အနည်း ဆုံး ၂ နှစ်ကနေ သုံးနှစ်ထိ အမြဲတမ်း ပုံမှန်ငွေဝင် ရလို့ ဆိုပြီး စိုက်ဖြစ်တာ။ကျွန်တော်တို့ ဒီ ပထမဆုံး ငါးပေခြား ဘောင်လေးတွေ အလျားလိုက် အရှည်လိုက် ဆွဲတယ်။ ဆွဲပြီး အဲထဲမှာ နွားချေးတို့ မြေဆွေးတို့ အဲတာလေးတွေ အရင်ဆုံးအောက်က ခံတယ်။ ခံပြီးတော့ ကျင်းလေး တူးလိုက်တယ်ပေါ့။ လေးလက်မနှင့် ခြောက်လက်မ အနက်ရှိတဲ့ ကျင်းလေး တူးပြီးတော့ အမြစ်မြှုပ်ရုံလောက် မြေကြီးလေး ပြန်ဖုံးပြီးတော့ စိုက်တာပေါ့။

ပထမဆုံး စိုက်ပျိုးတဲ့ အခါမှာ အရေးအကြီးဆုံးကတော့ မြေတွင်းပိုးပေါ့။ ပထမဆုံး အပင်ငယ်စဉ်မှာ မြေတွင်းပိုးကို အဓိကျ ကြည့်ရတယ်။ အပင်ရှင်လာတဲ့ အခါမှာ လိုအပ်တဲ့ ဟော်မုန်းဆေးတွေ သုံးရတယ်ပေါ့ ပန်းမပွင့်ခင် အချိန်ထိပေါ့။ အမြစ်ထွက်အားကောင်းမှ အပင်အားကောင်းမှာကို။ အမြစ်ထွက်အားကောင်းအောင် ဟော်မုန်းဆေးတွေ အမြစ်ပွားဆေးတွေ ဖျန်းတယ်။ နောက်ပိုင်း အပင်အနေထား ကြီးလာပြီ ဆိုတဲ့ အခါကျရင် ဓာတ်မြေသြဇာတွေ သဘာဝ မြေသြဇာတွေ အကုန်လုံး သုံးပြီးတော့ ပန်းပွင့်အောင် စောင့်ရှောက်ရတာပေါ့။ အဓိက အပင်ရှင်သန်ဖို့ အတွက်ကတော့ ရေပေါ့။ ရေက အဓိက အရင်းအမြစ် လိုအပ်တာပေါ့။ ရေလောင်းမှ အပင်က မညိုးတာကိုး။ မြေကြီးက ရေစိုနေမှ အမြစ်တိုးအားကောင်းတာဆိုတော့ အဓိက အရင်းအမြစ်က ရေပေါ့။ ရေရယ် ပြီးတော့ မြေတွင်းပိုးပေါ့။

အပင် မသေအောင် အပင်မသေမှ အရှေ့ ကြီးထွားဖို့ ဆိုတာ ဖြစ်နိုင်မှာပေါ့။ အဲအတွက် ကျွန်တော်တို့ မြေသြဇာ ကျွေးရတယ်။ နောက်ပြီး အပင်ကိုင်းသင်တဲ့ အချိန်မှာ မလိုအပ်တဲ့ ကိုင်းကို သင်ပြီး လိုအပ်တဲ့ ကိုင်းကို ထားတာပေါ့။ ဒါမှလည်း ပန်းတစ်ပွင့် ကောင်းဖို့ အတွက် ကိုင်းရှင်းဖို့ က အဓိက ပေါ့။ တင်ပို့ရောင်းချတဲ့ အပိုင်းမှာတော့ တစ်ချို့ကလည်း ကိုယ်မိသားစု အနည်းအများကို လိုက်ပြီးတော့ ကိုယ်တိုင်လည်း ရောင်းကြတယ်။ မိသားစုနည်းတဲ့ အခါကျတော ဖောက်သည်ပေးတယ်။ ဖောက်သည်တွေက တစ်ချို့ ဈေးမှာ ပြန်ပြီး လက်ကား ပြန်ရောင်းတယ်ပေါ့။ ကျွန်တော်တို့ကတော့ ဒီကို ဖောက်သည်ကိုယ်တိုင် ခြံထဲကို လာယူတယ်။

အဓိက တစ်နှစ်လုံး သုံးရာသီမှာပေါ့။ အကောင်းဆုံးကတော့ ဆောင်းရာသီမှာ နှင်းဆီပန်း ရောင်းလို့ အကောင်းဆုံး အချိန်ပေါ့။ အဆိုးဆုံး အချိန်ကတော့ နွေရာသီပေါ့။ နွေရာသီ နေအရမ်းပူတဲ့အခါမှာ နှင်းဆီပန်း ဘုရားပန်း ထိုးတဲ့ အခါကျရင်လည်း မခိုင်ဘူးလေ။ နောက်ပြီး ပန်းပွင့်ရဲ့ အရောင်သွေးကလည်း နေပူတဲ့ အခါကျတော့ အရောင်လျော့တာပေါ့။ အဲအချိန်တွေမှာ အရောင်းအဝယ် အရမ်းနှေးတယ်။

ဒီနေ့မှာဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့သားတွေ ရောက်ရှိနေတဲ့ နေရာကတော့ ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်မှာ ရှိတဲ့ ညောင်ပင်သာရွာမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီညောင်ပင်သာ ရွာမှာဆိုရင်တော့ ဒီဒေသခံတွေဟာ များသောအားဖြင့်တော့ စိုက်ပျိုးရေးနှင့် အသက်မွေးကြတာ များပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ရောက်ရှိနေတာကတော့ ဂန္ဓာမာပန်းစိုက်တဲ့ ပန်းခင်းထဲမှာပါ။ ဒါကြောင့်မို့ ဂန္ဓမာပန်းကို ဘယ်လို စိုက်ရလဲ၊ဂန္ဓမာပန်းစိုက်ရင် ဘာတွေကိုဂရုပြုရမလဲ၊ ပန်းခူးရင် ဘယ်လိုခူးရမလဲ၊ အပွင့်တစ်ပွင့်ဖြစ်လာဖို့ ဘယ်လိုပြုစုရလဲ ဆိုတဲ့ အကြောင်းတွေကို ကျွန်တော်တို့ မေးမြန်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဂန္ဓမာပန်း အမျိုးမျိုး ရှိပါတယ်။ ဂန္ဓာမာပန်းကို စိုက်ပျိုးရာမှာတော့ အကိုင်းကိုသာ စိုက်ပျိုးလေ့ ရှိပါတယ်။ ဂန္ဓမာပန်း ပျိုးပင်တွေကိုတော့ တစ်လခန့် ပျိုးထားပေးရမှာပါ။ ပျိုးမယ့်နေရာကလည်း လေဝင်လေထွက်ကောင်းမွန်ပြီးတော့  နေရောင်ခြည်ကို သင့်တင့်စွာ ရရှိဖို့လဲ လိုအပ်ပါတယ်။ ဂန္ဓမာပန်းတွေဟာ ပူလွန်းအေးလွန်းတဲ့ ရာသီဥတုကို မနှစ်သက်တတ်ကြပါဘူး။ မြေသြဇာကောင်းတဲ့ မြေတွေမှာဆိုရင်တော့ ပိုမို ဖြစ်ထွန်းပါတယ်။ ရေဝပ်ခြင်းကို မနှစ်သက်တဲ့ အတွက်ကြောင့်မို့လို့ စိုက်ဘောင်တွေ ဖော်ပြီး စိုက်ပျိုးပေးရပါတယ်။

စိုက်ပျိုးတဲ့ အခါမှာလည်း တစ်ပင်နှင့်တစ်ပင်ကို ခြောက်လက်မအကွာ စိုက်ပျိုးပေးရမှာပါ။ ဂန္ဓမာစိုက်ပျိုးတော့မယ်ဆိုရင် ပထမဦးစွာ မြောင်းကို   ဖော်ပေးရပါတယ်။   ခြောက်လက်မဆီကွာဖို့ အတွက် ထွန်ကျက်ကလေးတွေနဲ့ ဆွဲပြီး ဆုံမှတ်ကလေးတွေမှာဂန္ဓမာပင်ကို စိုက်ပျိုးပေးရမှာ ဖြစ်ပါတယ်။ ဂန္ဓမာစိုက်ပျိုးတဲ့ အခါမှာလည်း အရမ်းကြီး စိုက်စရာမလိုပဲ တစ်လက်မလောက် မြေကြီးထဲကို စိုက်ရင် ရပါတယ်။

ဒီဂန္ဓမာပန်းပင်လေးတွေကို စိုက်ပြီးရင်တော့ သူက မနက်တစ်ကြိမ် ညနေတစ်ကြိမ် ရေလောင်းပေးရပါတယ်။ ရေလောင်းတဲ့ အခါမှာလည်း အများကြီး ဂရုစိုက်ဖို့တော့ လိုပါတယ်။ သူက ရေလောင်းတဲ့ အရှိန်ကြောင့် မြေအောက်ကို ရောက်သွားမယ်ဆိုရင် ဒီအပင်က ရှင်သန်နိုင်မှာ မဟုတ်တော့ပါဘူး။ နောက်တစ်ခါ  ပိုးမွှားတွေ မကျရောက်ဖို့ အတွက် အများကြီး ဂရုစိုက်ရပါတယ်။  ဒါကြောင့်မို့လို ဒီအပင်လေးတွေကို စိုက်ပျိုးခါစမှာ အရမ်း ဂရုစိုက်ရပါတယ်။ နောက်တစ်ခါ ဒီအပင်က လေးလကြာမှသာ ပန်းအဖြစ် ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာတော့ မှော်ဘီမြို့နယ် ညောင်ပင်သာရွာက ဥယျဉ်မှူး ကိုအောင်ဇော်မြင့်က ဂနမာပန်းစိုက်ပျိုးရေးကို အခုလို ရှင်းပြပါတယ်။

ပန်းမျိုးကတော့ တောင်ကြီးတို့ မေမြို့တို့ နှစ်ခုပေါင်း တောင်ကြီးဆိုရင် ဖြတ်မျိုးတွေပေါ့နော်။ မေမြို့ဆိုရင်တော့ ပျိုးမျိုးတို့ အဲလို မှာစိုက်ရတယ်။ စိုက်တော့မယ်ဆိုရင်တော့ ဒီလို ဘောင်ကြီးတွေ သုံးတောင်ထွာလောက် လုပ်ပြီးတော့ စိုက်တာ။ ပျိုးတယ်ဆိုရင် ဖြတ်မျိုးတွေ ဒီလို အညွှန့်လေးတွေကိုဖြတ်ပြီး ပျိုးရတာပေါ့။ တစ်လလောက်တော့ ကြာမှာ ခင်ဗျ။ စိုက်တဲ့ အခါမှာဆိုရင် စစိုက်ပြီဆိုရင် ပျိုးမျိုးကို စိုက်လိုက်ပြီဆိုရင် ရက် ၄၅ ရက်လောက်ဆိုရင် ပထမစာကျွေးရတယ် ခင်ဗျ။ အဲနောက်ပိုင်း ၄၅ ရက်မှာ တစ်ခါ အစာကျွေးလိုက်တယ်။ ကျွေးပြီးတာနဲ့ ခေါင်နှိမ်စာဆိုတာ သပ်သပ်ရှိတယ်။ အပင်ကြီးလာရင် ခေါင်လေးကို နှိမ်လိုက်ပြီး အဲဒီအခါကျ တစ်ခါကျွေးရတယ်။ သူ့ပင်ပေါ်မှာ ကြည့်ပြီးတော့ ဆေးကို ဖြန်းရတာ ။ အားဆေးလိုရင် အားဆေးဖျန်းတယ်။ ပိုးကျတယ်ဆို ပိုးသတ်ဆေး ဖျန်းတယ်။

အပင်တွေမှာကျတာ များသောအားဖြင့် ရွက်ထွင်းပိုးပေါ့။ အဲရွက်ထွင်းပိုး တစ်ခု နောက်ပြီးတော့ အောက်က အရွက်လိုက်တတ်တာလေးတွေပေါ့။ ရေအရမ်းများရင်လည်း သူက အရွက်လိုက်ချင်တယ်။ အပင်လည်း နည်းနည်း ဝါချင်လာတာပေါ့။ အဖူးတွေ စပြီး ထွက်လာတာတော့ သုံးလကျော်၊ လေးလပေါ့ အဲလောက်ဆိုရင် အဖူးလေးတွေ စလိုက်လာပြီ။ လိုက်လာတဲ့ အဖူးလေးတွေကို အခိုင်မထားဘဲ တစ်ဖူးချင်းကို လိုက်ပြီး ဘေးကထွက်လာတဲ့ အတက်လေးတွေကို ချွေပေးရတာပေါ့။ အဖူးမထည့်သေးဘူးဆိုရင် အမှုန့် အားဆေးအမျိုးမျိုး ဖျန်းပေးရတယ်။ တကယ့်လို့ အဖူးလေးတွေ လိုက်လာရင် အမှုန့်ဖျန်းလို့ မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖူးလှိုင်တဲ့ အချိန်မှာ အမှုန့်ဖျန်းလိုက်ရင် အဖူးအခြေလေးတွေမှာ မဲတတ်တယ်။ အဖူးထည့်တာနဲ့ ဘော်ဒိုရိုက်လိုက်တယ်။ ထုံးနဲ့ ကိုဆိုက်တို့ လေးတွေကို ရိုက်လိုက်တယ်။ ရိုက်တာကို အပေါ်ကို မရိုက်ဘူး။ အောက်ခြေကိုပဲ ရိုက်လိုက်တာ။ အရွက်မလိုက်အောင်လို့ပေါ့။ အဲလိုမျိုးတွေ ထိန်းသိမ်းတော့ အများကြီးတော့ လုပ်ရပါတယ်။

စိုက်ပျိုးတဲ့ အခါမှာလည်း ပျိုးပင်လေးတွေကို တစ်လက်မခန့် စိုက်ပျိုးပေးရမှာပါ။ စိုက်ပျိုးပြီးစ အပင်ငယ်လေးတွေကိုတော့ မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့ကို နှစ်ကြိမ်ခန့် ရေလောင်းပေးရမှာပါ။ အပင်တစ်လခွဲလောက် ရောက်လာတဲ့ အချိန်မှာတော့ အဓိကလုပ်ဆောင်ရမယ့် အချက်ကတော့ ပေါင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်လခွဲလောက် ရှိသွားတဲ့  ဂန္ဓမာပန်းပင်တွေကို ဖြည့်စွတ်စာကျွေးလို့ရမယ် နောက်တစ်ခါ အားဖြည့် အစာဖြစ်တဲ့ ဆေးတွေကိုလည်း ဖျန်းပေးလို့ ရပါတယ်။ ဒါပေမယ့် သူကို ဂရုစိုက်ပေးရမှာတော့ ဒီအချိန်မှာက ကျွန်တော်တို့ ပေါင်းလိုက်ပေးဖို့တော့ အရမ်းကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကျွေးလိုက်တဲ့ အစာတွေကို ကြားထဲက ပေါင်းမြက်ပင်တွေက စားသွားမယ် ဆိုလို့ရှိရင် သူတို့ဟာ ဆက်လက်ပြီးတော့ ရှင်သန်မှာ မဟုတ်ဘူး။ ရှင်သန်လို့ရှိရင်လည်း ကျွန်တော်တို့လိုချင်တဲ့ ပန်းမျိုးကို သူတို့က ပွင့်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကြားထဲက ပေါင်းမြက်တွေကိုတော့ အထူးတလည် လိုက်ပေးဖို့ လိုပါတယ်။

သုံးလခွဲကျော်ရင်တော့ အဖူးလေးတွေကို ချွေပေးရမှာပါ။ အဖူးချွေးခြင်းကတော့ ဈေးကွက်ဝင်တဲ့ ပန်းတွေ ရရှိစေဖို့အတွက် အဓိက ကျတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ လေးလကျော်ရင်တော့ ဈေးကွက်ဝင် ရောင်းပန်းလှတဲ့ ပန်းတွေကို ခူးဆွတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ပန်းခြံမှာ ထွက်ရှိတဲ့ ပန်းတွေကို တင်ပို့ရောင်းချပေးနေတဲ့ ပန်းခြံပိုင်ရှင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ရှိန်ကလည်း အရောင်းအဝယ်နဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

ဒီပန်းစစိုက်တာ ၁၅ နှစ်လောက် ရှိပြီေပါ့။ တင်ပို့ရောင်းချတာကတော့ ရန်ကုန်နှင့် သီရီမင်္ဂလာဈေးကို သွားပြီးတော့ တင်ပို့ရောင်းချတာပါ။ ဈေးကွက်ဆိုတာတော့ အမှန်မရှိဘူးပေါ့။ ပန်းများများဝင်တဲ့ အခါမှာကျတော့ ဈေးကွက်ကျတဲ့ အခါရှိသလို ပန်းနည်းနည်းရှားသွားတဲ့အခါမှာ ဈေးကွက်တက်လာတာ ရှိတယ်။ အဲလိုမျိုးပေါ့။ အခုနှစ်ပိုင်းတွေ စိုက်ရတာ မဆိုးပါဘူး အဆင်ပြေပါတယ်။ ဈေးကွက်ကလည်း ရှိပါတယ်။

ဈေးကွက်ထဲမှာလည်း ပန်းများကို ရောင်းချနေသူ တစ်ဦးဖြစ်တဲ့ ကိုကျော်လွင်ကလည်း ပန်းဈေးကွက်နဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

ပန်းရောင်းတာ အနှစ်(၂၀) ကျော်သွားပြီ။ အရင်တုန်းကတော့ မှော်ဘီက ယူရောင်းတယ်။ အခုတစ်ဆင့်ခံပေါ့ ဂျိုကုန်းကနေ ယူရောင်းတယ်။ ဈေးကွက် အခြေနေကတော့ အရင်ကနဲ့ မတူတော့ မကောင်းဘူးခင်ဗျ။ ဈေးကွက်အခြေနေက ရောင်းဝယ်က ပါးတယ်။ အဲတာကတော့ တရုတ်ပန်းတွေကလည်း အဝင်များတော့ နှင်းဆီပန်းတွေက အရောင်းနည်းနည်း ထိုင်းသွားတာပေါ့။ ပန်းစုံဝင်နေတာကိုး နှင်းဆီပန်းကတော့ ဆောင်တွင်းပိုင်းလောက်ပဲ လှတာဆိုတော့ ဆောင်းတွင်းပိုင်းလောက်ပဲ။ နွေပိုင်းကျတော့ သိပ်မခံတော့ မရောင်းရဘူး။

နောက်ထပ်ပြီး ပန်းရောင်းသူ ဒေါ်ဝါကျော်ကလည်း အခုလို ရှင်းပြပါတယ်။

အန်တီကတော့ ပန်းဆိုရင် အပွင့်ပန်းဆိုရင်တော့ သီရီမင်္ဂလာဈေးက ယူရတာပေါ့နော်။ ဈေးကွက်က ဘယ်လိုဝယ်ရလဲဆိုတော့ မြင့်တဲ့အခါလည်း မြင့်တာပေါ့လေ။ ပန်းကျတဲ့အခါလည်း ဈေးချိုတယ်ပေါ့။ ဘယ်ရာသီမှာ အရောင်းအဝယ်သွက်လဲဆိုတော့ ဆောင်းကျော်ရင်တော့ သွက်တယ်။ လက်ဆောင်ပေးတာတို့ ဆိုရင်တော့ လှတဲ့ပန်းလည်း ဝယ်တာပဲပေါ့နော်။ လှတဲ့ပန်းကိုတော့ အများဆုံး ဝယ်ရောင်းကျတယ်။ အများကြိုက်အောင်ပေါ့။ ဘာပန်းတွေ အရောင်းသွက်လည်း ဆိုတော့ တရုတ်ပြည်က ဝင်တဲ့ ပန်းတွေက ပိုသွက်တယ်။ ကွာတော့ကွာတယ်. တရုတ်ပြည်က ပန်းကတော့ အရမ်းလှတာပေါ့။ ဗမာ ပြည်က ပန်းကတော့ ခံတော့ ခံတယ်။ ဒီလောက်မလှဘူး။ ဈေးနှုန်းအချိန်နေကတော့ သူ့ဈေးနဲ့သူ အရမ်းလည်း အမြင့်ကြီးတော့ မဟုတ်ဘူးပါ့နော်။ တရုတ်ပြည်က ဝင်တဲ့ ပန်းကတော့ လေယျာဉ်စရိတ်တို့ အသွားလာ စရိတ်တွေ ရှိတော့ နည်းနည်းတော့ ဈေးပိုပေးရတာပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly