အနမ်းဝိုင် ရုပ်ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီလတွင် စပျစ်ခြံ၌ ထပ်မံ ရိုက်ကူးမည်

အနမ်းဝိုင် ရုပ်ရှင် ဇာတ်ကားကြီးကို ဖေဖော်ဝါရီလတွင် စပျစ်ခြံ၌ ထပ်မံ ရိုက်ကူးမည်

ရန်ကုန်၊ ဇန်နဝါရီ ၈ ။         ။ စာရေးဆရာမ ပုညခင်၏ အနမ်းဝိုင် ဝတ္တုကို ရုပ်ရှင် ဇာတ်ကားကြီးအဖြစ် ဒါရိုက်တာ အောင်မြတ်က ပုံဖော် ရိုက်ကူးလျက်ရှိပြီး ယင်းဇာတ်ကားအတွက် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်ရှိ စပျစ်ခြံ၌ ထပ်မံ သွားရောက်ရိုက်ကူးမည်ဟု ဒါရိုက်တာ အောင်မြတ်က မဇ္ဈိမကို ပြောသည်။

အနမ်းဝိုင် ရုပ်ရှင် ဇာတ်ကားအတွက် တန်ဆောင်တိုင်ပွဲ ရိုက်ကွက်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလထဲတွင် တောင်ကြီးမြို့၌ သွားရောက်ကာ စတင် ရိုက်ကူးခဲ့ပြီး ဝိုင်ခြံကို ဖေဖော်ဝါရီလတွင် အပြီးသတ် ထပ်မံသွားရောက် ရိုက်ကူးမည် ဖြစ်သည်။

ဒါရိုက်တာ အောင်မြတ်က" ကျွန်တော်တို့ အခု ပထမတစ်ပိုင်း အနေနဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလထဲမှာ အမိအရ သွားရိုက်ခဲ့တယ်။ ကျန်တဲ့တစ်ပိုင်းကိုတော့ ကျွန်တော်တို့က ဝိုင်ခြံကို အဓိက ရိုက်ကူး ချင်တဲ့အတွက် စပျစ်သီး သီးတဲ့အချိန် က ဖေဖော်ဝါရီလလယ် ဖြစ်တဲ့ အတွက် ဖေဖော်ဝါရီလထဲမှာ ထပ်မံ သွားရောက် ရိုက်ကူးမှာပါ" ဟု ပြောသည်။

တီဗီ ကြော်ငြာများ၊ သီချင်း MTV ရိုက်ကူးမှုများဖြင့် ပရိသတ်ကြား အောင်မြင်နေသည့် ဒါရိုက်တာ အောင်မြတ်အတွက် အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားသည် ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီးလည်း ဖြစ်ပြီး ရိုက်ကူးရာတွင် အခက်အခဲ မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

"အခက်အခဲကတော့ အများကြီး မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သွားရိုက်တဲ့ အချိန်က အရမ်းအေးတယ် တစ်နေ့တည်းနဲ့ ၃ဂျူတီလောက် ရိုက်ကြတာဆိုတော့ ကြာလာတော့ ကျန်းမာရေးအရ ကျွန်တော် အပါအဝင် မင်းသား၊ မင်းသမီးတွေပါနေမကောင်း ဖြစ်ကြတာတွေ ရှိတယ်။ ကျန်တာတော့ အခက်အခဲ မရှိပါဘူး"ဟု ထပ်မံ ပြောပြသည်။

ဝတ္တုမှာ စာရေးဆရာမ ပုညခင် ဖြစ်ပြီး သရုပ်ဆောင်များ အနေဖြင့် အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်၊ မင်းဦး၊ စိုးမြတ်သူဇာတို့ ပါဝင် သရုပ်ဆောင်ထားကြသည်။ ဇာတ်ကားကို ရှမ်းပြည်နယ်တွင် ရှိသည့် စပျစ်ခြံ တစ်ခုတွင် အခြေခံ ရိုက်ကူးမည်ဖြစ်ပြီး ရှမ်းပြည်နယ်၏ ရှုခင်းများ၊ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲလည်း ထည့်သွင်း ရိုက်ကူးထားသည်။

ဇာတ်လမ်းမှာ ရိုမန့်ဒရမ်မာ ဇာတ်လမ်း ပုံစံဖြစ်ပြီး အောင်ရဲလင်းသည် ဝိုင်ခြံ တစ်ခုက မာန်နေဂျာ(ဦးလေး) ၏ တူ၊ လူငယ်တစ်ဦးဖြစ်သလို အလုပ်ကြိုးစားပြီး ဝိုင်လုပ်ရတာ ဝါသနာပါသူ တစ်ဦးဖြစ်သည်။ စိုးမြတ်သူဇာက ထိုခြံ ပိုင်ရှင်ဖြစ်ပြီး သမီးဖြစ်သူ ဝတ်မှုံရွှေရည် နှင့် ခြံ မာန်နေဂျာ၏ တူ ဖြစ်သူတို့ တွေ့ဆုံကြပြီး လူငယ်နှစ်ဦး၏ အဆင့် အတန်း မတူသည့် ဘဝ နှစ်ခု၊ မိခင်ဖြစ်သူမှ သမီးပေါ်ထားရှိသည့် တခြားရည်ရွယ်ချက် တစ်ခုတို့ ကြားတွင် ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို ဒါရိုက်တာက ပုံဖော် ရိုက်ကူးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly