ဘယ်ပြိုင်ဘက်ကိုမှ ဂရုမစိုက်ဘူးလို့ဆိုတဲ့ ဖိုက်တာ အောင်လ

ဘယ်ပြိုင်ဘက်ကိုမှ ဂရုမစိုက်ဘူးလို့ဆိုတဲ့ ဖိုက်တာ အောင်လ

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆိုင်းနှင့်တွေ့ဆုံခြင်း

ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များအားပေးလာတဲ့ MMA(Mixed martial arts) ပြိုင်ပွဲတွေမှာ မြန်မာတိုင်းရင်းသား လူငယ်လေးတစ်ဦးထင်ရှားကျော်ကြားနေပါတယ်။ သူကတော့ ကချင်လူမျိုး MMA ဖိုက်တာ အောင်လအန်ဆိုင်းပါ။ မတ်လ ၁၈ရက်မှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် MMA ပြိုင်ပွဲကိုလည်း အောင်လအန်ဆိုင်း လာရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။ ဒီပြိုင်ပွဲအတွက် ဇန်နဝါရီ ၇ရက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မဇ္ဈိမ နဲ့ အောင်လအန်ဆိုင်းတို့သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာကြောင့် အောင်လအန်ဆိုင်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး - ပထမဆုံး မြန်မာနိုင်ငံကိုပြန်လာခွင့်ရတဲ့ခံစားချက်ကိုပြောပေးပါဦး။

ဖြေ - ကျွန်တော့်အတွက်တော့ အမိမြေကို ပြန်လာခွင့်ရတာ အိပ်မက်လိုပါပဲ။ အရမ်းဝမ်းသာပါတယ်။ အခုချိန်အထိယုံတောင်မယုံနိုင်သေးဘူး။

မေး - ဒါဆိုပြန်ရောက်တုန်း ကချင်မြေက ဒုက္ခသည်တွေဆီကိုရောသွားဖို့ရှိဦးမလား။

ဖြေ - ကျွန်တော်သွားမှာပါ။ ဒါပေမယ့် အခုတစ်ခေါက်တော့ မသွားနိုင်သေးပါဘူး။ ပြိုင်ပွဲအတွက်ပြင်ဆင်စရာ ရှိနေသေးလို့ အမေရိကန်ပြန်ရဦးမှာပါ။ မတ် ၁၈ရက်ပြိုင်ပွဲအတွက် ပြန်လာတဲ့အချိန်ကျရင် သေချာပေါက်သွား မှာပါ။

မေး - မြန်မာနိုင်ငံပွဲအတွက် ပြင်ဆင်လေ့ကျင့်ချိန်ဘယ်လောက်ရထားလဲ။

ဖြေ - ငါးလကျော်လောက်ရထားပါတယ်။ ကျွန်တော်ပြိုင်ပွဲမဝင်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်ပေမယ့် နေ့တိုင်းလေ့ကျင့်ပါတယ်။ တစ်နေ့ကို ငါးနာရီလောက်ကို လက်ဝှေ့၊ နပန်း၊ ဂျုဂျစ်ဆု တစ်မျိုးမျိုးကို အမြဲလေ့ကျင့်တယ်။ ဒါကြောင့် ကျွန်တော့်စွမ်းရည်လဲပိုကောင်းလာပါတယ်။

မေး - ပြိုင်ပွဲအတွက်တွဲဆိုင်းကမသေချာသေးဘူးဆိုတော့ ပြင်ဆင်ရတာခက်ခဲနိုင်မလား။

ဖြေ - ကျွန်တော့်အတွက်တော့ ဘာမှပြဿနာမရှိဘူး။ ဘယ်ပြိုင်ဘက်ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး။ ကိုယ့်ဘက်ကလေ့ကျင့်မှုကောင်းနေဖို့ပဲလိုတယ်။ ဒီပွဲအတွက် အမေရိကန်နပန်းသမား ဂျိတ်နဲ့ထိုးရ မယ်လို့ပြောပေမယ့် ဂျိတ်ကိုမေးတော့ သူကလာမထိုးဘူးလို့ပြောတယ်။

မေး - ရိုးရာလက်ဝှေ့ကိုရော ဘယ်လိုမြင်လဲ။

ဖြေ - ရိုးရာလက်ဝှေ့က အဆင့်မြင့်ပါတယ်။ ဒါပေမယ့် ကြမ်းလွန်းလို့ကမ္ဘာမှာ ကြည့်ရဲတဲ့သူရှားတယ်။ မြန်မာ့ ရိုးရာလက်ဝှေ့သမားတွေ ကမ္ဘာအထိရောက်ဖို့ MMA မှာဝင်ပြိုင်စေချင်ပါတယ်။ ဒါပေမယ့် လက်ဝှေ့တစ်မျိုးတည်းနဲ့တော့မလွယ်ပါဘူး။ မြေပေါ်လဲကျရင် တုံ့ပြန်နိုင်ဖို့ နပန်းတို့ ဂျုဂျစ်ဆု တို့တတ်ဖို့လိုပါတယ်။

မေး - ဒါဆိုသူတို့ကို ဒီပညာတွေ မြန်မာနိုင်ငံမှာလာသင်ပေးဖို့စိတ်ဝင်စားသလား။

ဖြေ - ကျွန်တော် အမေရိကန်နိုင်ငံ၊ ဘာတီမိုးလ်မှာ ဂျုဂျစ်ဆုသင်တန်းဖွင့်ထားတယ်။ ကျွန်တော့်သင်တန်းက ဘရာဇီးဂျုဂျစ်ဆုသင်တန်း၊ ဂျပန်မဟုတ်ဘူး။ ကျွန်တော့်အဖွဲ့မှာ ကမ္ဘာ့ချန်ပီယံတွေတောင်ပါတယ်။ ဒီမှာတော့ သင်တန်းဖွင့်ဖို့မလွယ်ဘူး။ ဒါပေမယ့် အွန်လိုင်းကနေတစ်ဆင့် သင်ပေးနိုင်ဖို့ ကြိုးစားပါမယ်။

မေး - အခုဆို မိသားစုရှိနေပြီဆိုတော့ ဘဝကိုရေရှည်ဘယ်လိုရပ်တည်မလဲ။

ဖြေ - ကျွန်တော် ၁၈နှစ်ကတည်းက MMA မှာဝင်ထိုးလာတာ အခု အသက် ၃၀ရှိပြီ။ အဖိုးကြီးဖြစ်နေပြီ။ နောက် ၃ပွဲလောက်ထိုးပြီးရင်တော့ နားတော့မယ်။ ပရော်ဖက်ရှင်နယ်အနေနဲ့တော့ ဒီလက်ဝှေ့နဲ့ပဲရပ်တည်မှာပါ။ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့က ကြိုးစားရင် ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly