အီရန်က နျူကလီးယားကိရိယာများကို ဆူဒန်သို့တင်ပို့ခဲ့ကြောင်း ဆော်ဒီကြေးနန်း သတင်းက ဖော်ပြနေဟု ၀ီကီလိဖွင့်ချ

အီရန်က နျူကလီးယားကိရိယာများကို ဆူဒန်သို့တင်ပို့ခဲ့ကြောင်း ဆော်ဒီကြေးနန်း သတင်းက ဖော်ပြနေဟု ၀ီကီလိဖွင့်ချ

ဒူဘိုင်း၊ ဇွန်-၂၄ ။    ။ ဝီကီလိက သံရုံးမှလာသည့် ကြေးနန်းသတင်းဟု ပြောကြားသည့် ပြီးခဲ့သည့် ရက်သတ္တပတ်က ပေါက်ကြား လာသည့် မှတ်တမ်းတစ်ခုအရ အီရန်နိုင်ငံမှာ ၂၀၁၂ခုနှစ်က ဗဟိုခွာအုံအပါအဝင် အဆင့်မြင့်နျူကလီးယားကိရိယာများကို ဆူဒန် သို့ တင်ပို့ခဲ့သည်ဟု ခါတွန်းမှ ဆော်ဒီသံအမတ်များက ယုံကြည်နေခဲ့ကြသည်ဟု ဆိုသည်။

‘ယခုရက်သတ္တပတ်မှာ ခါတွန်းလေဆိပ်ကို ရောက်လာတဲ့ အီရန်ကွန်တိန်နာတွေထဲမှာ ယူရေနီယံသန့်စင်ဖို့အတွက် ဗဟိုခွာအုံ ပုံစံနဲ့ အလွန်အရေးကြီးတဲ့ နည်းပညာပစ္စည်းတွေ ပါဝင်နေပါတယ်။ ယခုရက်သတ္တပတ်မှာပဲ ဒုတိယအသုတ်ရောက်လာမယ် လို့ မျှော်လင့်ရပါတယ်’’ဟု ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီ ရက်စွဲတပ်ထားပြီး အထူးလျှို့ဝှက်ဟု အမှတ်အသားပြုထားသည့် မှတ်တမ်း တွင် ရေးသားထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က ဝီကီလိက တရားဝင်ဆော်ဒီဆက်သွယ်မှုများဟု ပြောကြားသည့် ကြေးနန်းစာနှင့် မှတ်တမ်း ၆၀၀၀၀ကျော်ကို ထုတ်ပြန်ခဲ့ရာ ဆော်ဒီအာရေဗျကမူ အတုများသာဖြစ်နိုင်ကြောင်း ပြောကြားခဲ့သော်လည်း မှတ်တမ်းအတိအကျ ကိုမူ ထုတ်ဖော်မှတ်ချက်ပေးခြင်း မရှိခဲ့ပေ။

အကယ်၍ ကြေးနန်းသတင်းစစ်မှန်ပါက သံရုံး၏ သတင်းအချက်အလက်ရင်းမြစ်နှင့် နျူကလီးယားကိရိယာများ တင်ပို့သည့် အထောက်အထား အသေးစိတ်ကို ထုတ်ပေးမည်မဟုတ်သကဲ့သို့ အီရန်က ဆူဒန်သို့ နျူကလီးယားကိရိယာများ တင်ပို့နေကြောင်း ယခင်က သတင်းပို့ခဲ့ခြင်းမရှိသည့်အပြင် ဆူဒန်တွင် နျူကလီးယားအစီအစဉ်ရှိသည်ဟုလည်း သိထားခဲ့ခြင်းလည်း  မရှိခဲ့ပေ။

ကြေးနန်းစာပါ ရက်စွဲအလွန် ၈လအကြာ ၂၀၁၂ခုနှစ် အောက်တိုဘာလတွင် ဆူဒန် လက်နက်စက်ရုံတစ်ခုမှာ ဘာမှန်းမသိရသည့် ပေါက်ကွဲမှုတစ်ခုကြောင့် ပျက်စီးသွားခဲ့ရာ ဆူဒန်အစိုးရကမူ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ဟု အပြစ်တင်ခဲ့သည်။

ထိုစက်ရုံတွင် နျူကလီးယား လက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိခဲ့ခြင်းမရှိခဲ့ပေ။ ဝီကီလိ၏ ဖွင့်ချမှုနှင့် ပတ်သက်၍ အီရန်က တစ်စုံတစ်ရာ မှတ်ချက်မပေးခဲ့သလို၊ ဆူဒန်အရာရှိများကလည်း ချက်ချင်း တုန့်ပြန်ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly