လည်ချောင်းကင်ဆာ ဖြစ်နေကြောင်း ကောလာဟလများကို ဂျက်နက်ဂျက်ဆင် ငြင်းဆန်ပယ်ချ

လည်ချောင်းကင်ဆာ ဖြစ်နေကြောင်း ကောလာဟလများကို ဂျက်နက်ဂျက်ဆင် ငြင်းဆန်ပယ်ချ

ကမ္ဘာကျော် အမျိုးသမီး ပေါ့(ပ်)အဆိုတော် ဂျက်နက်ဂျက်ဆင်မှာ လည်ချောင်းကင်ဆာ ဝေဒနာကို ခံစားနေရကြောင်း ကောလာဟလများ ထွက်ပေါ်နေလျက်ရှိရာ ထိုကောလာဟလများ မှားယွင်းကြောင်း ဂျက်နက်ဂျက်ဆင်က သူ၏ သီချင်းစာသားဖြင့် ဖြေရှင်းခဲ့သည်။

မိုက်ကယ်ဂျက်ဆင်၏ ညီမဖြစ်သူ ဂျက်နက်ဂျက်ဆင်ထံတွင် လည်ချောင်းကင်ဆာ ဖြစ်နေ သည်ကို ဆရာဝန်များက စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဆိုတော်နှင့် နီးစပ်သူများက ပြောခဲ့သည်ဟု အမေရိကန် မီဒီယာများက ယခုအပတ်ထဲတွင် ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။

ထိုကောလာဟလများကို တုံ့ပြန်သည့် အနေဖြင့် ဂျက်နက်ဂျက်ဆင်က သူ၏ The Great Forever သီချင်းစာသားဖြစ်သည့် “မင်းနှစ်သက်တဲ့ သတင်းတွေကို အမှန်အဖြစ် မဖန်တီးလိုက်ပါနဲ့” ဟု လူမှှုကွန်ယက်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ ကြေညာချက်ထဲတွင်လည်း “ကောလာဟလတွေက မမှန်ပါဘူး။ ကျွန်မမှာ ကင်ဆာ မရှိပါဘူး” ဟု သူက ရေးသားခဲ့သည်။

သူသည် ဒီဇင်ဘာလ ၂၄ ရက်နေ့က Instagram စာမျက်နှာတွင်၊ သူ၏ “Unbreakable” ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ မကြာမီတွင် ခွဲစိတ် ကုသမှှုတစ်ခု ခံယူရမည်ဖြစ်၍ ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း သူက ရေးသားခဲ့သည်။

ဂျက်နက်ဂျက်ဆင်၏ ဖျော်ဖြေရေးခရီးစဉ်ကို Vancouver တွင် သြဂုတ်လက စတင်ခဲ့ခြင်း ဖြစ်သည်။ ထို ဂီတခရီးစဉ်အား ဇန်နဝါရီ ၉ ရက်တွင် ပြန်လည် စတင်ကာ ဇွန်လအထိ ပြုလုပ်ရန် မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ဂီတပွဲရက်များကို ပြန်လည်သတ်မှတ်ပေးမည် ဖြစ်ကြောင်းနှင့် ပရိသတ်များအနေဖြင့် လက်မှတ်များကို သိမ်းဆည်းထားကြရန် ဂျက်နက်ဂျက်ဆင်က ပြောခဲ့သည်။ မည်ကဲ့သို့သော ခွဲစိတ် ကုသမှှုမျိုး ခံယူရမည် ဖြစ်ကြောင်းကိုမူ ဂျက်နက်ဂျက်ဆင်က ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly