ထိုင်းတွင် ဖေ့ဘုတ်မှတစ်ဆင့် သေနတ်နှင့် ဗုံးလောင်ချာများ ဝယ်ယူသူ ငါးဦးကို ဖမ်းဆီး

ထိုင်းတွင် ဖေ့ဘုတ်မှတစ်ဆင့် သေနတ်နှင့် ဗုံးလောင်ချာများ ဝယ်ယူသူ ငါးဦးကို ဖမ်းဆီး

ဘန်ကောက်၊ ဇန်နဝါရီ ၇ ။             ။ ထိုင်းနိုင်ငံ၌ ဖေ့ဘုတ်ကတစ်ဆင့် စစ်တပ်သုံး လက်နက်များ ဝယ်ယူမှုဖြင့် လူငါးဦးအား ဖမ်းဆီးရမိကာ ရှာဖွေမှုတွင် ဗုံးလောင်ချာများနှင့် အခြားလက်နက် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိသူငါးဦးမှာ အသက် ၅၅ နှစ်မှ ၁၉ အထိ ရှိသူများ ပါဝင်ပြီး ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်း အရောင်းအဝယ်ပြုမှုဖြင့် ဖမ်းဆီးတရားစွဲထားကြောင်း အမျိုးသားရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ သီရိဝါနာရန်စီဘရက်မန်နာကူးက ဇန်နဝါရီ ၇ ရက်က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ထိုဖမ်းဆီးထားသူများထံမှ လောင်ချာများနှင့်အတူ ထိပ်ဖူးတပ်ဗုံးများ၊ သေနတ်များကို သိမ်းဆည်းရမိခဲ့သည်။

ပြီးခဲ့သည်လအတွင်းကလည်း ဘူရီရမ်တွင် ဖေ့ဘုတ်ပေါ်မှ လက်နက်ရောင်းချမှုဖြင့် ဆယ်ကျော်သက်နှစ်ဦးကို ရဲနှင့် စစ်တပ်က ဖမ်းဆီးခဲ့သည်။ နောက်ပိုင်း၌ အာဏာပိုင်များက ကွင်းဆက် ဆက်လိုက်ရာမှ ယခုသံသယရှိသူ ငါးဦးအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သီရိဝါနာက ပြောသည်။

ဇန်နဝါရီ ၆ ရက်က လမ်ပန်တွင် နှစ်ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး ကျန်သုံးဦးကို ချင်းရိုင်၌ ဖမ်းဆီးရလိုက်ခြင်းဖြစ်သည်။ ထိုလက်နက်များကို မည်သည့်အတွက် အသုံးချရန် ကြံစည်နေခြင်းအား အာဏာပိုင်များ ဆက်လက်စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။ လောင်ချာလက်နက်များ မည်သည့်နေရာမှ လာသည်ကို အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ်တွင် ထိခိုက်မှုဖြစ်လာမည် စိုး၍ မပြောလိုကြောင်း ၎င်းက ငြင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly