သဘာဝ သယံဇာတသာ အားကိုးနေရတဲ့ မြန်မာ့ စီးပွားရေး ဘာတွေလွဲနေသလဲ

သဘာဝ သယံဇာတသာ အားကိုးနေရတဲ့ မြန်မာ့ စီးပွားရေး ဘာတွေလွဲနေသလဲ

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်မယ်ဆိုရင် သဘာ၀ သယံဇာတအပေါ်မှာ အခြေခံ ဝင်ရောက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အခုအချိန်အထိ များပြားနေတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ပင်မစီးပွားရေး ကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုး၊မွေးမြူရေး ကဏ္ဍတွေမှာတော့ လက်တွေ့ကျကျ ဝင်ရောက် ရင်းနှီးမြှုပ်နှံတာတွေ မရှိသေးပါဘူး။ တစ်ဘက်မှာကလည်း လမ်း၊တံတား ရေမီးစတဲ့ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးဖို့ အပိုင်းတွေကို ပိုပြီးတော့ ထိထိရောက် ရောက် ဖော်ဆောင်သွားဖို့လည်း လိုအပ်နေပြန်ပါတယ်။

ပြည်တွင်း စီးပွားတိုးတက်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကိုပိုပြီး ဆွဲဆောင်နိုင်အောင် အစိုးရက ဖိတ်ခေါ်ခဲ့ပေမယ့် ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက သဘာဝအရင်းအမြစ်အပေါ်မှာသာ အခြေခံပြီးငွေလုံးငွေရင်းနဲ့ ရင်းနှီးမြှုပ်နှံလာနေ ကြတာပါ။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနေအထားအရ ပြောမယ်ဆိုရင် ရေခံမြေခံနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အနေအထားအရ ပြောမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေက သံယံဇာတ တူးဖော်တာကို အားသာတာပေါ့။ ဥပမာ ရေနံထုတ်လုပ်မှုတို့ သဘာဝက ထုတ်လုပ်တဲ့ ပစ္စည်းပေါ်မှာ ပိုပြီးတော့ စောင်းပေးပြီးတော့ လုပ်ချင်တဲ့ ဆန္ဒတွေများပါတယ်” လို့ စီးပွားရေး လေ့လာသုံးသပ်သူ ဦးနှင်းဦးက ပြောပါတယ်။

ဒီလို သဘာဝသံယံဇာတ တူးဖော်တဲ့ လုပ်ငန်းက ရင်းနှီးမြှုပ်နှံသူတွေအဖို့ ပိုသေချာတဲ့ စီးပွားရေး လုပ်ငန်းဖြစ်တာကြောင့် ဒီအပေါ်မှာပိုပြီး အာရုံစိုက်တာဖြစ်တယ်လို့ ဦးနှင်းဦးက ဆက်ပြောပါတယ်။ တစ်ဘက်မှာကလည်း နိုင်ငံရဲ့  အဓိက စီးပွားရေးဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍတွေမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက မဆိုစလောက်ပဲရှိနေပါတယ်။

“အစာစက်ရုံလုပ်ငန်းတို့ ၊ ငါးဖမ်းကိရိယာထုတ်တဲ့ လုပ်ငန်းတို့ နောက်တစ်ခါ ငါးဖမ်းစက်လှေ ဆိုက်ကပ်တဲ့ လုပ်ငန်းတို့ ဒီလုပ်ငန်းတွေမှာ လုပ်ဖို့ကျတော့ လာရောက် လေ့လာတာဘဲရှိပြီးတော့ လက်တွေ့ကျကျ လာရောက် ရင်းနှီးမြှပ်နှံမှု မရှိခဲ့ဘူး။ အဲဒီအပိုင်းက ဘာလဲဆိုတော့ လုပ်ငန်းဆောင်ရွက်နိုင်မှု အပိုင်းမှ ာတိုင်းပြည်မှာ လိုအပ်ချက်တွေ ရှိနေတာကိုသူတို့ အနေနဲ့ လက်တွေ လာကြည့်ပြီးတဲ့အခါမှာ နိုင်ငံရေးအရဖြစ်ပေါ်နေတဲ့ အခြေအနေ စီးပွားရေအရဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ဒီဥပဒေအပိုင်း ဆိုင်ရာတွေပေါ်မှာသူတို့ လိုအပ်ချက်တွေရှိနေသလား ဒါ ကျွန်တော်တို့ သုံးသပ်ရမယ်” လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုပါတယ်။

ရင်းနှီးမြှုပ်နှံဖို့ လာရောက်လေ့လာသူတွေအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေမှာစောင့်ကြည့်တာ ရင်းနှီး မြှုပ်နှံနိုင်မယ့် ကဏ္ဍအသီးသီးရဲ့  ဥပဒေပြုရေးတွေကို လေ့လာတာတွေရှိနေတာကြောင့် ဝင်ရောက်မှု နည်းပါးနေသေးတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကသုံးသပ်ကြပါတယ်။ စိုက်ပျိုးရေး ကဏ္ဍမှာ ဆိုရင်လည်း နှစ်ရှည်သီးနှံလုပ်ငန်း ဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံ သူတွေအနေနဲ့ စွန့်စား လုပ်ကိုင်ရမယ့် အခြေအနေတွေလည်း ရှိနေပါတယ်။

“ကျွန်တော် သိသလောက်ဆိုရင် မရှိသလောက် နည်းပါးပါတယ်။ အထူးသဖြင့် ဥယျာဉ်ခြံ သီးနှံလိုင်းပေါ့ သစ်သီးဝလံ ကျွန်တော်တို့ အပိုင်းမှာဆိုရင် မရှိသလောက်ပါဘဲ” လို့ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမာလ် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းထင်က ပြောပါတယ်။

ဒေါ်လာ ငွေကြေးဈေးကွက်အပေါ်မှာ မှီခိုနေရပြီး ကျပ်ငွေတန်ဘိုး မခိုင်မာတာက ပြည်တွင်းစီးပွားရေး တည်ငြိမ်ဖို့ ခက်ခဲနေသလို လမ်း၊တံတားရေမီးနဲ့ ဘဏ်လုပ် ငန်းတွေက တစ်ဘက်မှာကလည်း ထိရောက်ဖို့ လိုအပ်နေပါသေးတယ်။

“တည်ငြိမ်တဲ့ စီးပွားရေး တစ်ခုဖြစ်ဖို့ဆိုရင် အများကြီး လိုပါတယ်။ ဘာကြောင့် စီးပွားရေး မတည်ငြိမ်လည်းလို့ပြောရင် ကျွန်တော်တို့ ငွေကြေးဖောင်းပွနေတာရှိနေတယ်။ ဒုတိယအချက်ပေါ့ ဒီငွေကြေး ဖောင်းပွမှုဘာကြောင့် ရှိလာရလဲဒေါ်လာအပေါ်မှာမှီခိုနေရတယ်” လို့ ဦးနှင်းဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တွင်းထွက် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ငန်းတွေမှာ ၃၃.၇၆ ရာခိုင်နှုန်းအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ထားပြီး စိုက်ပျိုးရေးကဏ္ဍမှာတော့ ဝ.၄၂ ရာခိုင်နှုန်းလောက်မှာပဲ ပြည်ပရင်းနှီးမြှုပ်နှံမှုကရှိနေတယ်လို့  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့  ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags