ခုံသမာဓိကောင်စီမှ လစာရှင်းပေးရန် အမိန့်ချသော်လည်း အလုပ်ရှင်က ငြင်းဆန်သည့်အတွက် ဆန္ဒပြ

ခုံသမာဓိကောင်စီမှ လစာရှင်းပေးရန် အမိန့်ချသော်လည်း အလုပ်ရှင်က ငြင်းဆန်သည့်အတွက် ဆန္ဒပြ
ဓာတ်ပုံ-ယဉ်မွန်ခိုင်

ရန်ကုန်၊ ဇန်နဝါရီ ၇ ။          ။ အလုပ်ရှင် အလုပ်သမား ခုံသမာဓိကောင်စီမှ ဇန်နဝါရီ ၅ရက်နေ့တွင် အလုပ်သမားများ၏ လုပ်ခလစာကို ရှင်းပေးရန် အမိန့်ချသော်လည်း ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံပိုင်ရှင်က ပေးရန်ငြင်းဆန်နေသည့်အတွက် အလုပ်သမား၂၂၀ ကျော်က ဇန်နဝါရီ ၇ရက်နေ့တွင် ဆန္ဒဖော်ထုတ်သည်ကိုတွေ့ရသည်။

ထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံက အလုပ်သမားများသည် မူလပထမက လှိုင်သာယာတွင် ဆန္ဒပြရန်စီစဉ် ထားကြသော်လည်း ခွင့်မပြုသောကြောင့် တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှ ကျိုက္ကဆံဟစ်တိုင်ကွင်းသို့ ကြွေးကြော်သံလေးချက်ရွတ်ဆိုရင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိသော ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံတွင် အလုပ်သမား ၅၀၀ ကျော်ခန့် ရှိကာ အလုပ်သမား ၂၂၀ ကျော်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ လုပ်ခ ၁၀ ရက်စာနှင့် နိုဝင်ဘာလ လုပ်ခလစာကို မရရှိသေးသည့်အတွက် စက်ရုံရှေ့တွင် ဒီဇင်ဘာလက ဆန္ဒဖော်ထုတ်ခဲ့ကြပြီး

ခုံသမာဓိ၏ အဆုံးအဖြတ်ကို ခံယူရန် ဒီဇင်ဘာ ၁၄ရက်နေ့တွင် နှစ်ဘက်တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“ ကျွန်မတို့ဒီနေ့လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တရားသောသဖြင့် ကျွန်မတို့ရဲ့ လုပ်ခလစာတွေကို ပြန်လိုချင်လို့ အခုလိုတောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒီလို ဆန္ဒပြတာ ၂ ကြိမ်ရှိပါပြီ။ အခုလို ဆန္ဒပြတယ်ဆိုတာ လည်း သက်ဆိုင်ရာ လူကြီးတွေအပါအဝင် နိုင်ငံတော်သမ္မတကြီးကို ကျွန်မတို့ အလုပ်သမားတွေ ခံစားနေရ တာကို သိစေချင်လို့ ဖြစ်ပါတယ်။” ဟုထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံမှ စာရေးမှတာဝန် အဖြစ်ထမ်းဆောင်ဖူးသူ မမိုးစန္ဒာမြင့်က ပြောသည်။

အလုပ်ရှင်ဘက်မှ အကျီချုပ်သည့်လိုင်းမှ ဝန်ထမ်းများအတွက် ၁ရက်စာ၊ ဘောင်းဘီချုပ်သည့်လိုင်းမှ ဝန်ထမ်းများအတွက် ၁၅ရက်စာသာပေးမည်ဟု ပြောဆိုသည့်အတွက် လုပ်ခလစာအပြည့်အ၀ ရရှိလိုခြင်းအပါအဝင် ရသင့်ရထိုက်သော ဖယ်ရီကားနှင့် အခြား ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်သည်။

“ အခု ညီမတို့က ခုံသမာဓိရဲ့ အဆုံးအဖြတ်ကိုလည်း ရထားပြီးပြီ။ ညီမတို့က ခုံသမာဓိရဲ့ ဆုံးဖြတ်ချက် တွေကို လိုက်နာတယ်။ အဲဒီထဲမှာ အလုပ်သမားတွေတောင်းဆိုထားတဲ့ အချက်တွေလည်း ရရှိထားတယ်။ ဒါကြောင့် ညီမတို့ အလုပ်သမားတွေနစ်နာနေတဲ့အရာတွေကို အမြန်ဆုံးရရှိစေဖို့ သက်ဆိုင်ရာလူကြီးမင်းတွေ အနေနဲ့ အမြန်ဆုံး လုပ်ဆောင်ပေးစေချင်းတယ်။ ဒီလိုမှ မရဘူးဆိုရင်တော့ နိုင်ငံတော်သမ္မတဦးသိန်းစိန်အထိ အလုပ်သမားတွေက သွားရောက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။” ဟု မမိုးစန္ဒာမြင့်က ပြောသည်။

ခုံသမာထိပ်တန်းမြန်မာအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် တောင်းဆိုထားသော လုပ်ခလစာ မရရှိပါက နိုင်ငံတော်သမ္မတထံသို့ ဆက်လက်တောင်းဆိုသွား မည်ဖြစ်ကြောင်း အလုပ်သမားများက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly