မြောက်ကိုရီးယားပြဿနာကို တရုတ်က တာဝန်ယူ၊ တောင်ကိုရီးယားက အမေရိကန်တပ်သားများ ထားရှိသည့်အတွက် ပိုက်ဆံပိုပေးသင့်ဟု ဒေါ်နယ် ထရန့်ပြောကြား

မြောက်ကိုရီးယားပြဿနာကို တရုတ်က တာဝန်ယူ၊ တောင်ကိုရီးယားက အမေရိကန်တပ်သားများ ထားရှိသည့်အတွက် ပိုက်ဆံပိုပေးသင့်ဟု ဒေါ်နယ် ထရန့်ပြောကြား

ဝါရှင်တန်၊ ဇန်နဝါရီ - ၇ ။            ။ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်ကို တရုတ်နိုင်ငံအနေဖြင့် တာဝန်ယူ ဖြေရှင်းသင့်ကြောင်းနှင့် မဖြေရှင်းဘူးဆိုပါက နှစ်နိုင်ငံစလုံးကို ကုန်သွယ်ရေးဖြင့် တင်းတင်းမာမာ အရေးယူသင့်ကြောင်း အမေရိကန်ပြည်ထောင်စု သမ္မတလောင်း ပြိုင်ပွဲဝင် ဒေါ်နယ်ထရန့်က ဇန်နဝါရီလ ၆ရက်နေ့တွင် စီအင်အင်သို့ ပြောကြားခဲ့သည်။

‘နှစ်မိနစ်အတွင်း တရုတ်ကို ဖြိုလဲပစ်နိုင်ပါတယ်။ ကျနော်တို့က တရုတ်ထက် အင်အားအပုံကြီး သာလွန်ပါတယ်။ အဲဒီအင်အားကို ဘယ်လိုအသုံးချရမှန်း မသိဖြစ်နေတာပါ’ဟု ဒေါ်နယ်ထရန့်က ပြောကြား ခဲ့သည်။

ပြုံယမ်းက နျူကလီးယားဗုံး ဖောက်ခွဲခဲ့ကြောင်း ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ဒေါ်နယ်ထရန့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ထို့အပြင် မြောက်ကိုရီးယား၏ ရန်ကို ကူညီကာကွယ်ရန် အမေရိကန်တပ်သား ၂၈၀၀၀ကို တပ်စွဲထားရသည့်အတွက်လည်း တောင်ကိုရီးယားက အမေရိကန်ပြည်ထောင်စုကို ပမာဏ အတော်များများ ပြန်လည်ပေးဆပ်သင့်သည်ဟုလည်း ထရန့်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားတွင် အမေရိကန်တပ်များ ချထားရသည့်အတွက် ဘာမျှမရကြောင်း မစ္စတာထရန့်က ရုပ်သံကွန်ရက်တစ်ခုကို ပြောကြားခဲ့သည်။

သို့ရာတွင် သဘောတရားအရ မြောက်ကိုရီးယားနှင့် စစ်ပွဲအနေအထားမှာသာရှိသေးသည့် ဆိုးလ်ကမူ ၁၉၉၁ခုနှစ်ကတည်းက နိုင်ငံအတွင်း အမေရိကန်တပ်များ တပ်စွဲထားသည့်အတွက် ဝါရှင်တန်၏ ကုန်ကျစရိတ်ကို မျှထမ်းလာခဲ့ရသည်။

လွန်ခဲ့သည့်နှစ်နှစ်က နှစ်နိုင်ငံသဘောတူခဲ့သည့် ၅နှစ်ကုန်ကျစရိတ်မျှခံ သဘောတူညီချက်အရ ၂၀၁၄ ခုနှစ်တွင် အမေရိကန် စစ်အသုံးစရိတ်ထဲသို့ ကုန်ကျစရိတ်၏ ၄၀ရာခိုင်နှုန်းဖြစ်သည့် ကန်ဒေါ်လာ ၈၆၇သန်း ထည့်ဝင်ရန် သဘောတူခဲ့သည်။ စာချုပ်အရ ငွေဖောင်းပွမှုနှုန်းကိုလိုက်၍ ကုန်ကျစရိတ်ကို မြှင့်တင်သွားရန်လည်း သဘောတူခဲ့ကြသည်။  

တောင်ကိုရီးယားမှ အမေရိကန်တပ်သား ၂၈၀၀၀ကို ဖယ်ရှားမည်လားဟု မေးမြန်းသည့်အခါတွင် ၎င်းအနေဖြင့် တောင်ကိုရီးယားကို ငွေအများကြီး ပေးစေချင်ကြောင်း မစ္စတာထရန့်က ပြောကြားခဲ့သည်။

‘တောင်ကိုရီးယားဟာ ပိုက်ဆံစက်ကြီးပဲ။ သူတို့က မဆိုစလောက်ပဲ ပေးနေတယ်။ သူတို့ကို ကာကွယ်ပေးတဲ့အတွက် တောင်ကိုရီးယားက ကျနော်တို့ကို လောက်လောက် လားလား ပေးသင့်ပါတယ်’’ ဟုလည်း ထရန့်က ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly