ပါကစ္စတန်တွင် အပူလှိုင်းကြောင့် သေဆုံးသူ ရ၈၀ သို့ရောက်ရှိ

ပါကစ္စတန်တွင် အပူလှိုင်းကြောင့် သေဆုံးသူ ရ၈၀ သို့ရောက်ရှိ

ကရာချိ၊ ဇွန် ၂၄ ။     ။ လူများအိမ်များတွင် အေးအေးသက်သာနေနိုင်ရန် ရုံးပိတ်ရက်တစ်ရက်အဖြစ် အစိုးရက ကြေညာစဉ် ပါကစ္စတန်၏ ဘဏ္ဍာရေးမြို့တော် ကရာချိတွင် လေးရက်မြောက်အပူလှိုင်းကျရောက်မှုကြောင့် သေဆုံးသူဦးရေမှာ ၇၈၀ ကျော် သို့ရောက်ရှိခဲ့သည်ဟု ကျန်းမာရေးကူညီသည့်အဖွဲ့တစ်ခုက ပြောကြားခဲ့သည်။

အပူလှိုင်းကျရောက်မှုသည် မွတ်စလင်အများစု နေ့ခင်းချိန်အတွင်း မစားမသောက်သည့် ရာမာဒန်ဥပုသ်လနှင့် ဆိုးဝါးသည့် လျပ်စစ်မီးပြတ်တောက်မှုတို့နှင့် တိုက်ဆိုင်နေသည်။

တောင်ပိုင်းရှိ ကရာချိမြို့တွင် အသက်ကြီးသူများနှင့် ဆင်းရဲသားများကြား သေဆုံးသူအများအပြားမှာ ရေဓါတ်ချို့ တဲ့ခြင်းကြောင့်ဖြစ်သည်။

"အပူလှိုင်းကြောင့် သေဆုံးသူဦးရေဟာ လွန်ခဲ့တဲ့ လေးနာရီအတွင်း ၈၀၀ထိရောက်ရှိဖို့ နီးနေပါပြီ" ဟု ပုဂ္ဂလိက လှူဒါန်းကူညီ သည့်အဖွဲ့ Edhi ဖောင်ဒေးရှင်းမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ အန်နဝါကက်ဇ်မီက ရိုက်တာသို့ပြောကြားခဲ့သည်။

"အနာဂါတ်မှာ ဒီလိုမျိုး အခြေအနေတစ်ခုကို ကိုင်တွယ်ဖို့ Edhi ရင်ခွဲရုံကို တိုးချဲ့ဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်" ဟု၎င်း က ပြောကြားခဲ့သည်။

ပါကစ္စတန်၏ အဓိကစတော့ဈေးကွက်၊ ဗဟိုဘဏ်နှင့် အကြီးဆုံးဆိပ်ကမ်းရှိရာ လူ သန်း၂၀ရှိမြို့၏ လူထုကျန်းမာရေးစနစ် အတွက် ဘဏ္ဍာငွေနည်းပါးမှုနှင့် ဝန်ထုတ်ဝန်ပိုးကို ကူညီထမ်းပိုးသည့် အနေဖြင့် ယင်းဖောင်ဒေးရှင်းက လူနာတင်ယာဉ် များ၊ ဆေးခန်းများနှင့် ရင်ခွဲရုံများဖွင့်လှစ် ကူညီလျက်ရှိသည်။ သုံးသပ်ချက်တောင်းသည့် ဖုန်းခေါ်ဆိုမှုများကို အစိုးရကျန်းမာရေး အရာရှိများက ပြန်လည်ဖြေကြားမှုမရှိခဲ့ပေ။

လွန်ခဲ့သည့် သီတင်းပတ်ကုန်အတွင်း မြို့၏ အပူချိန်မှာ ၄၄ဒီဂရီဆဲလ်စီးယပ်( ၁၁၁ ဒီဂရီဖာရင်ဟိုက်) အထိရောက်ရှိခဲ့ရာ ကရာချိ၏ချမ်းသာသူများမှာ ၎င်းတို့၏ လေအေးပေးစက်များကို မောင်းနှင်ရန် မီးစက်များရှိကြသည်။ ဇွန် ၂၄ ကပင်လယ် ဘက်မှ လေအနည်းငယ်တိုက်ခိုက်၍ မြို့၏ အစိတ်အပိုင်းများကို အေးစေခဲ့သော်လည်း ရာသီဥတုအရာရှိများက ခန့်မှန်းခဲ့သော မိုးမှာမရွာခဲ့ပေ ။

လျပ်စစ်မီးပြတ်တောက်မှုနှင့် အပူကြောင့် သတိလစ်မေ့မျောသည့် လူနာများကို ကုသသည့် အစိုးရဆေးရုံများ၏ ညံဖျင်းမှုအပေါ် မြို့နေပြည်သူအများအပြားက ဒေါသထွက်လျက်ရှိသည်။

ချမ်းသာသူအားလုံးနီးပါးက အခွန်ရှောင်နေကြသောကြောင့် လူဦးရေ သန်း ၁၉၀ရှိ နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် ပါကစ္စတန်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာ အရင်းအမြစ်ချို့တဲ့လျက်ရှိသည်။

ဝဒသမ၅ ရာခိုင်နှုန်းထက်မပိုသော နိုင်ငံသားများကသာ ဝင်ငွေခွန်ပေးဆောင်လျက်ရှိပြီး ဥပဒေပြုအမတ်အများအပြားမှာလည်း အခွန်ရှောင်သူများတွင် ပါဝင်နေသည်။

ဘတ်ဂျက်၏ ဝေစုအများစုကို ယူထားသော စစ်တပ်က ကျန်းမာရေးစင်တာ ၂၂ ခုထူထောင်ထားပြီး ယင်းဋ္ဌာနများက ရေနှင့် ဓါတ်မဆားများ ဝေပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly