တံငါရွာလေးက မိဘနှစ်ဦးရဲ့ သားသမီးတို့အတွက် အိမ်မက်

တံငါရွာလေးက မိဘနှစ်ဦးရဲ့ သားသမီးတို့အတွက် အိမ်မက်
(ဓာတ်ပုံ-ဟောင်ဆာ(ရာမည))

၂၀၁၅ ခုနှစ်အကုန် ဆောင်းရာသီ နံနက်စောစောတွင် ကျနော်ရောက်နေသည်က လူသူ အရောက်အပေါက်နည်းသည့် ကျွန်းငယ်လေး တစ်ခုပေါ်တွင်ဖြစ်သည်။ လှိုင်းကလေးတွေ ကမ်းခြေကို ရိုက်ခတ်သံ၊ ကျွန်းပေါ်က အလှူခံ အသံချဲ့စက်သံ၊ လူတွေ ဆိုင်ကယ်တွေနဲ့ သွားလာနေတဲ့ အသံကလွဲလို့ ကျွန်းတခုလုံး အေးအေးလျူလျူပင်သည်။

ကျနော် ရောက်ရှိနေသည့်နေရာက ဧရာဝတီတိုင်း ငရုပ်ကောင်းမြို့နယ် ဂေါ်ရင်ဂျီကျွန်းရဲ့ ငါးဖမ်းဆိပ်ကမ်း တနေရာမှာဖြစ်သည်။ ကမ်းခြေမှာ အများဆုံး နေထိုင်သူတွေကတော့ ငါးဖမ်းလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြသူ တွေဖြစ်ကြသည်။

အုန်းပင်တွေနဲ့ စိမ်းလမ်းနေတဲ့ ကျွန်းမှာ အလည်လာတဲ့ ရပ်နီး ရပ်ဝေးခရီးသည်တွေ ဆိုင်ကယ် ကယ်ရီတွေနဲ့ တစ်ယောက်စ နှစ်ယောက်စ တွေ့မြင်ရပါသည်။ မနက် ၉ နာရီခန့်မှာ ကျနော်နှင့် သူငယ်ချင်းတစ်ယောက် ကင်မရာလွယ်ပြီး ငါးဖမ်းလှေနှင့် လိုက်ပါပြီး ဓာတ်ပုံရိုက်ရန်အတွက် ကမ်းခြေဘက်ကို လမ်းလျှောက်ထွက်လာခဲ့သည်။

ငါးဖမ်းစက်လှေတွေက သာမန်မဟုတ်ပဲ ကမ်းခြေတွင် နံနက်စောစော ကမ်းကပ်ထားကြသည်။ ပင်လယ်ကမ်းဝေး ထွက်ဖို့ လှေတစ်စီးမှလည်း ရှာမတွေ့၊ အသက်ငယ်ငယ် အသားဖြူဖြူ အရွယ်အားဖြင့် အသက် ၂၈ ဝန်းကျင်လူငယ်တစ်ဦး ကမ်းခြေဘက် ဆင်းလာပြီး လှေတစီးပေါ် တက်သွားသည်။

ကျနော်လှမ်းမေးလိုက်သည်" ညီ ဘယ်သွားမှာလဲ ငါးဖမ်းထွက်ဖို့လား " လို့ ကမ်းခြေကနေ အော်မေးလိုက်သည်။ "မထွက်တော့ဘူးအစ်ကို ဒီနေ့ ပင်လယ်ရေစီး အရမ်းကြမ်းနေလို့ လှေတွေ အကုန် ကမ်းကပ်ထားတယ် အန္တရယ်များတယ်အစ်ကို" လို့ လူငယ်က ကျနော့်ကို လှမ်းအော်ပြောသည်။

အခုမှ သတိထားမိတော့သည် အဘယ်ကြောင့် ငါးဖမ်းလှေတွေ ကမ်းကပ်နေကြသည် ဆိုသည်ကို။ ကျနော်နှင့် ကျနော့်မိတ်ဆွေ ကမ်းခြေမှာပဲ ဟိုလျှောက်ဒီလျှောက်လုပ်ရင်း နံနက် ၁၀ နာရီဝန်းကျင်ခန့် ရောက်ရှိလာသည်။ ပင်လယ် ငါးဖမ်းထွက်သည့်လှေ ရှာဖို့ လက်လျှော့ လိုက်ကြသည်။

နေရာပြန် ပစ္စည်းကောက်ပြီး ရန်ကုန်ပြန်မည်ဟု ဆုံဖြတ်ချက်ချလိုက်သည်။ တည်းနေသည့် အိမ်သို့ လေးပင်စွာဖြင့် လျှောက်လာခဲ့ကြသည်။ ထိုအချိန်မှာပဲ လူလတ်ပိုင်း အမျိုးသားတစ်ဦးနဲ့ မိန်းကလေးတစ်ဦး ပလိုင်းတစ်လုံးကို လှော်တက်နဲ့ချိတ်ပြီး ကမ်းခြေဘက်ကိုဆင်းသွားသည်။ အမျိုးသမီးဖြစ်သူက ကမ်းခြေမှာ ပလိုင်းကိုချပြီး ကွမ်းယာနေသည်။ အမျိုးသား ဖြစ်သူက လှေပေါ်တက်ပြီး ဓာတ်ဆီဖြည့် ရေချထားသည့် ကျောက်ကိုဆည်ပြီး လှေကို ကမ်းခြေဘက် ဆွဲလာနေသည်။ ကျနော် အမျိုးသမီးအနားကို လျှောက်သွားပြီး မေးလိုက်သည်။

" ဘယ်သွားမလို့လဲ ပင်လယ်ထဲဆင်းဖို့လား " လို့မေးလိုက်တယ် "ဟုတ်တယ်အစ်ကို အဝေးကြီးတော့ မသွားဘူး ကမ်းနားတစ်လျှောက်ပဲသွားမယ် ကျမတို့က ရေကြက်ကို မြှုံးထောင်တာ" လို့ ပြန်ဖြေသည်။

"ကျတော်တို့ လိုက်လို့ရလား" လို့ ကျနော်မေးလိုက်သည် " မသိဘူး ယောက်ျားကို မေးကြည့်လိုက်” ဟု  ပြန်ဖြေသည်။  ယောက်ျားဖြစ်သူက ကျနော်တို့ကို အဝေးကနေ လှမ်းကြည့်ပြီး လှေပေါ်တက် လာခဲ့ ဆိုပြီး လက်ယပ်ခေါ်လိုက်သည်။ ကျနော်တို့နှစ်ယောက် ပျော်သွားသည်။ အပြေးအလွှားဖြင့် လှေပေါ်က ဦးပိုင်းမှာ နေရာယူလိုက်ကြသည်။

ဟွန်ဒါစက်ကလေး တပ်ဆင်ထားသည့် လေငယ်ကလေးက ရေပြာပြာ ပင်လယ်ပြင်မှာ လှိုင်းကလေးပုတ်လို့ လူးခါ လူးခါပြေးလွှားနေသည်။ နေရောင်ကျွမ်းနေသည့် ခန္ဓာကိုယ် အင်္ကျီချွတ်ဖြင့်   ယောက်ျားဖြစ်သူက ပဲ့ကိုသေချာကိုင်မောင်းရင်း မိန်းမဖြစ်သူက လက်ကလေး ယပ်ပြလိုက် ဘယ်ဆိုဘယ် ညာဆိုညာ ပြလိုက်နဲ့ ပထမဆုံး ထောင်ထားသည့် မြံှုး၊ ရေပေါ်တွင် ဘောလောပေါ်နေသည့် အမဲရောင်ဘောသီးကို အမျိုးသမီးဖြစ်သူက တင်းကြပ်စွာ ကိုင်လိုက်သည်။

ယောက်ျားဖြစ်သူက စက်ကိုသေချာစွာ သပ်ပြီး ပဲ့ကိုအသေထားလိုက်သည်။ ပြီးလျှင် မိန်းမဆီ ပြေးလာပြီး မြှုံးကိုဝိုင်းဆွဲကြသည်။ လေးထောင့်ပုံသဏ္ဍာန် ဘေးပတ်လည်တွင် စကာ ကာထားပြီး အပေါ်ဘက်အပွင့် ခြင်းတောင်းပုံသဏ္ဍာန်ဖြင့် လှေပေါ်သို့ဆွဲတင်လာကြသည်။ ခြင်းထဲတွင် အညိုရောင်ငါးက ရေဘဝဲပါးစပ်ကဲ့သို့ တရှီးရှီးဖြင့် အရည်မဲများ မှုတ်ထုတ်နေသည်။

လင်မယား နှစ်ယောက်မျက်နှာမှာ အပြုံးတွေ ပီတိတွေနဲ့၊ ငါးက ပုံသဏ္ဍာန်အားဖြင့် ကင်းမွန်ငါး အကြီးစား၊ မျက်လုံးပြူးပြူး၊ ဘေးတောင်ပံကားကားနဲ့ ငါးအပျော့စား၊ ဒေသအခေါ်အဝေါ်   ရေကြက်လို့ ခေါ်ကြသည်။ အမဲများ မှုတ်ထုတ်ကြသည်။ ရေအောက်တွင် လက်နက်ပုန်းအဖြစ် အန္တရယ်ပြုမည့် ငါးများလာပါက ထိုအမည်းရောက်အရည်များ မှုတ်ထုတ်ပြီး ရေနောက်သွားပါက အန္တရာယ်ကောင်မှ ထွက်ပြေးလွတ်မြောက်ရန်အတွက် အသုံးပြုသည်ဟု တံငါသည်လင်မယားက ရှင်းပြသည်။

ထိုအရည်မဲများ မှုတ်ထုတ်ရာတွင် ကတ္တရာစေးကဲ့သို့ မဲနက်ပြီး လူတွေရဲ့ အသားရည်ပေါ် ထိပါက ပြန်လည် ဆေးကြောသန့်စင်လို့ရပေမယ့် အဝတ်အထည်တွင် စွန်းထင်းပါက လုံး၀ လျှော်ဖွတ်လို့ မရကြောင်းလည်း ရှင်းပြခဲ့သည်။

" ဒါရေနောက်နေလို့ ရေကြက်သိပ်မမိတာ၊ ရေကြက်တက်တဲ့ အချိန်ဆိုရင် တစ်လကို ၁၅ သိန်းနဲ့ သိန်း ၂၀ ကြားမှန်းတယ်၊ ဒါတောင် မြှုံးအလုံး ၂၀ ကျော်ပေါ့နော်၊ ရေကြက်မတက်တဲ့ အချိန်ဆိုရင် တစ်ရက်ကို နှစ်သောင်း၊ နှစ်သောင်းခွဲလောက် ရတယ်၊ အနည်းဆုံး တစ်လကိုတော့ ၅ သိန်း ကျော်လောက်တော့ ပုံမှန်ရတယ်" ဟု ကိုစန်းဝင်းနိုင် အသက် ၃၄ နှစ်က ကျနော်တို့ကို သူ့ရဲ့ တနိုင်တပိုင် လုပ်ငန်းအကြောင်း ရှင်းပြသည်။

"အရင်က ကျနော် သူများဆီမှာလုပ်တယ်၊ တစ်လကို တစ်သိန်းနဲ့ တပည့်ခံတယ်၊ ၅ နှစ် ခြောက်နှစ်လောက် လုပ်လိုက်တယ်၊ အဲအချိန်မှာ အလုပ်ရှင်က မြုံး ၆၀ လောက်ကို တစ်ရက်ကို သိန်း ဆယ်ချီရနေတဲ့အချိန်၊ နောက်တော့ ကျနော်စဉ်းစားမိတယ်၊ ကိုယ်ပိုင်အလုပ်လေး ထောင်ပြီး လုပ်ဖို့၊ ဒါနဲ့ ကျနော်အလုပ်ကနေထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းစမ်းလုပ်ကြတယ်၊ အောင်မြင်တယ်၊ အခုဆိုရင် စလုပ်တာ ၂ နှစ်ကျော်ကျော်လောက်တော့ရှိပြီ" ဟု ပြောသည်။

ကိုစန်းဝင်းနိုင်တွင် အသက် ခြောက်နှစ်အရွယ်နှင့် ၁၂ အရွယ် သမီးလေး နှစ်ယောက်ရှိသည်။ ကျနော်တို့ သူ့ကို သိကျွမ်းချိန်တွင် ကလေးနှစ်ယောက်မှာ သူတို့ရဲ့ အဖွားအိမ်သို့ သွားလည်နေသည့် အတွက် တွေ့ခွင့်မရလိုက်ပါ။ ကလေးနှစ်ယောက်လုံးကို ကိုစန်းဝင်းနိုင်မှ ကျောင်းနေဖို့ အတွက် ကြိုးစားခဲ့သည်။

"ကျနော် ၄ တန်းထိပဲ ကျောင်းနေခဲ့ရတယ်၊ အရမ်းနောင်တရတယ်၊ အစ်ကိုတို့မို့လို့ ကျနော့် ပညာရေး အတန်းကို ပြောရဲတာ၊ သူငယ်ချင်းတွေကြားမှာ မေးရင် မဖြေရဲဘူး အရမ်းရှက်တယ် ကျနော် ကလေးတွေအဲလို အဖြစ်မျိုး မဖြစ်အောင် အနည်းဆုံး ၁၀ တန်းရောက်တဲ့အထိ ကျနော်ကျောင်းထားမယ်။ စားစရာမရှိပစေ သမီးနှစ်ယောက်ကို ပညာတတ်အောင်ထားဖို့ ကျနော် ဆုံးဖြတ်ထားတယ်" ဟု ခံစားချက်ပြည့်ဝသည့် လေသံဖြင့် ဆိုသည်။

ပင်လယ်ထဲတွင် မြုံးအလုံးပေါင်း ၁၀ လုံးကျော်ခန့် ဆယ်ပြီး ကျနော်တို့ ကမ်းခြေဘက်ကို ရောက်လာသည်။ မိန်းမဖြစ်သူက ငါးထည့်သည့် ပလိုင်းကို ကုန်းပေါ်တင် ယောက်ျားဖြစ်သူက   လှေကို   ကျောက်ချပြီး လင်မယားနှစ်ယောက် လှေတက်ကို ပလိုင်းမှာ ထိုးပြီး ဟိုဘက်ဒီဘက် ထမ်းပြီး အပြေးတပိုင်းပြီး ငါးဒိုင်ဆီကို ပိတိများဖြင့် အရောက်သွားကြသည်။

လှိုင်းခတ်သံ၊ တောင်ပေါ်ဘုရားက အလှူခံအသံချဲ့စက်အသံ၊ ငါးဖမ်းစက်လှေသံ၊ လူတွေရဲ့ ရီမောသံ၊ အုန်းပင်တွေပေါ်က အုန်းလက်ရိုက်ခံသံတွေနဲ့ လှပနေတဲ့ ကျွန်းလေးပေါ်မှာ ရိုးသားစွာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြသည့် တံငါသည်တွေရဲ့ ဖော်ရွေမှုက ကျွန်းပေါ်ကို ရောက်လာသူတိုင်း စိတ်အေးချမ်းရပါသည်။ အလှအပများဖြင့် တည်ဆောက်ထားသည့် အဆိုပါကျွန်းပေါ်က တံငါဘဝတွေရဲ့ အကြောင်းကို တွေးပြီး ကျနော်တို့ ရှည်လျားတဲ့ တောင်ပတ်လမ်းကြီးပေါ်မှာ အပြန်ခရီးနှင်ခဲ့ကြပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly