KIA က ဒုုတိယစစ်ဦးစီးချုပ် နှစ်ဦးကုုိ ထပ်တိုး ခန့်အပ်

KIA က ဒုုတိယစစ်ဦးစီးချုပ် နှစ်ဦးကုုိ ထပ်တိုး ခန့်အပ်

ချင်းမိုင်(မဇ္ဈိမ)။       ။ ငြိမ်းချမ်းရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်နှင့် တာဝန်များအား ခွဲဝေလုပ်ဆောင်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ဒုတိယ စစ်ဦးစီးချုပ် နှစ်ဦးကို ထပ်တိုးခန့်အပ်လိုက်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ခေါင်လွမ်းနှင့် ဗိုလ်မှူးချုပ် အောင်ဆိုင်းလာ တို့နှစ်ဦးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ် KIO ဗဟိုကော်မတီ အစည်းဝေးဆုံးဖြတ်ချက်ဖြင့် ဒုတိယ စစ်ဦးစီးချုပ်များအဖြစ် ထပ်တိုးခန့်အပ်လိုက်သည်။

“အလုပ်များတော့ ပိုလုပ်နိုင်ဖို့ ထပ်ခန့်လိုက်တာ။ ဒုစစ်ဦးစီးချုပ် ၃ ဦးထားလိုက်တာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းမှာလည်း ပိုလုပ်ဆောင်နိုင်မယ်လို့တော့ မျော်လင့်တယ်။” ဟု KIO ဗဟိုကော်မတီဝင် အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

လက်ရှိ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွမ်မော်သည် KIA ၏ စစ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများသာမက နိုင်ငံခြားဆက်ဆံရေး တာဝန်ခံလည်းဖြစ်ကြောင်း သိရသည်။ ဒုတိယ စစ်ဦးချုပ်နှစ်ဦး ထပ်တိုးလိုက်သဖြင့် ဗိုလ်ချုပ်ဂွမ်မော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပိုမိုလုပ်ဆောင်နိုင်လိမ့် မည်ဟု မျော်လင့်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

မကြာမီတက်လာမည့် အစိုးရအသစ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဗိုလ်ချုပ် ဂွမ်မော်အနေဖြင့် ပါဝင်လာနိုင်လိမ့် မည်ဟု ယူဆကြောင်း၊ NCA လက်မှတ်ရေးထိုးထားသော ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ငြိမ်းချမ်းရေးအတွက် အနှောက်အယှက် ဖြစ်မယ်လို့ မထင်ဘူး။ အစိုးရအသစ်ရဲ့ ပေါ်လစီအောက်မှာ ထပ်မံခေါ်ယူမဲ့ လုပ်ငန်းစဉ်မှာတော့ တစ်နေရာမှာတော့ အမြန်ဆုံးပါမယ်လို့တော့ ကျနော်ယူဆတယ်။” ဟု သူက မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်ဂွမ်မော်သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ၌ ဒုတိယခေါင်းဆောင်အနေဖြင့် ၂ နှစ် ကျော်ကြာတာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်က NCA ပထမမူကြမ်း လက်မှတ်ရေးထိုးမှုတွင်လည်း ပါဝင်ခဲ့သည်။

KIO သည် NCA တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်ခြင်း မရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မရှိသေးသောအဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags