တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းပေါ်သို့ နောက်ထပ်တရုတ်လေယာဉ်များ ဆင်းသက်ပြန်

တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းပေါ်သို့ နောက်ထပ်တရုတ်လေယာဉ်များ ဆင်းသက်ပြန်

ပေကျင်း၊ ဇန်နဝါရီ ၇ ။             ။ တရုတ်သည် တောင်တရုတ်ပင်လယ်ရှိ ၎င်းတို့တည်ဆောက်ထားသည့် လူလုပ်ကျွန်းတစ်ခုပေါ်သို့ အရပ်ဘက်လေယာဉ်နှစ်စင်း ဆင်းသက်သည်။ ယင်းသို့ဆင်းသက်မှု မျိုးအား ဗီယက်နမ်က ကန့်ကွက်ပြီးနောက် ရက်ပိုင်းတွင် ယခုဆင်းသက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်က တရုတ်၏ အရပ်ဘက်လေယာဉ်နှစ်စင်းသည် အငြင်းပွားနေသည့် စပရက်တလီကျွန်းများရှိ အသစ်ဆောက် ထားသည့် လေယာဉ်ကွင်းပေါ်တွင် ဆင်းသက်ပြီးနောက် ထိုနေ့မှာပင် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဟိုက်ကူသို့ ပျံသန်းသွားခဲ့သည်။ Fiery Cross Reef ကျွန်းတန်းပေါ်တွင် လေယာဉ် ကွင်းတစ်ခု တည်ဆောက်ပြီးသွားပြီဖြစ်ကြောင်း တရုတ်က ဇန်နဝါရီ ၂ တွင် အတည်ပြုပြောကြားခဲ့သည်။ ဂြိုဟ်တုမှ ဓါတ်ပုံများကို လေ့လာမှုအရ ယခုလေယာဉ်ကွင်းမှာ တရုတ်ကတည်ဆောက်နေသော ကွင်းသုံးကွင်းအနက် တစ်ကွင်းဖြစ်သည်။

ကျွန်းငယ်များ၊ သန္တာကျွန်းတန်းများနှင့် သောင်စွယ်များရှိသော တောင်တရုတ်ပင်လယ်တွင် နိုင်ငံများစွာကြား ပိုင်နက်အငြင်းပွားမှုဖြစ်ပေါ်လျက်ရှိသည်။ တရုတ်သည် လွန်ခဲ့သည့် နှစ်နှစ် အတွင်း သေးငယ်သော သောင်များကို ကျွန်းများအဖြစ်ပြောင်းလဲကာ လေယာဉ်ကွင်းများ ဆိပ်ကမ်းများ မီးပြတိုက်များ တည်ဆောက်မှုပြုလုပ်ခဲ့ရာ ယခုအခါ ဘောလုံးကွင်း ၁,၅၀၀၏ အကျယ်အဝန်းနှင့် ညီမျှသော ကုန်းမြေကို ၎င်းတို့ပိုင်အဖြစ် တရုတ်က ပြောကြားထားသည်ဟု အမေရိကန်က ဆိုသည်။

ကျွန်းတည်ဆောက်မှုအား ချက်ခြင်း ရေရှည် ရပ်ဆိုင်းထားရန် အမေရိကန်က တောင်းဆိုထားသည်။ တရုတ်သည် အငြင်းပွားရေပိုင်နက်တွင် လေယာဉ်အဆင်း အတက်လမ်းတစ်ခုရှိသည့် တစ်ခုတည်းသောနိုင်ငံမဟုတ်သော်လည်း ဗုံးကြဲလေယာဉ်ဆင်းသက်နိုင်သည့် လေယာဉ်ပြေးလမ်းတစ်ခုမှာ တရုတ်တွင်သာရှိသည်ဟု Asia Maritime Transparency Initiative ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly