မန္တလေးနှင့်ပြင်ဦးလွင် အတက်အဆင်းတွင် လမ်းရှင်းလင်းရေးအဖွဲ့ဖုန်းနံပတ်စိုက်ထူ

မန္တလေးနှင့်ပြင်ဦးလွင် အတက်အဆင်းတွင် လမ်းရှင်းလင်းရေးအဖွဲ့ဖုန်းနံပတ်စိုက်ထူ

မန္တလေး၊ဇန်နဝါရီ ၇ ။             ။ မန္တလေးနှင့်ပြင်ဦးလွင် အတက်အဆင်းလမ်းတွင် ယာဉ်ကြောများ မကြာခဏပိတ်ဆို့မှု များဖြစ်ပွားလျှက်ရှိရာ အချိန်နှင့်တပြေးညီရှင်းလင်းမှုများ လုပ်ဆောင်နိုင်ရန်အတွက် လမ်းရှင်းလင်းရေးအဖွဲ့များသို့ဆက်သွယ်နိုင်သည့် ဆိုင်းပုဒ်များကို  လမ်းတစ်လျှောက်တွင် ဇန်နဝါရီလ၇ ရက် နံနက်ပိုင်းမှစတင်၍ စိုက်ထူလျှက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်ချက်ဖြင့် ဒီဇင်ဘာ ၂၉ ရက်က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပါဝင်သော ပူပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မန္တလေး၊ပြင်ဦးလွင်သွားလမ်းဘေးရှိ ပြင်စာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယာဉ်ရှင်းလင်းရေးအဖွဲ့ရုံးကို ဖွင့်လှစ်ထားသည်။

"ယာဉ်ကြောပိတ်ဆို့မှုဖြစ်တာနဲ့ယာဉ်ရှင်းလင်းရေးအဖွဲ့ကို ဆက်သွယ်လိုက်ရုံပဲ။အချိန်နဲ့အညီ ရှင်းလင်းသွားကြမှာပါ။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေ စိုက်ထူးနေပါပြီ။"ဟု မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း က မဇ္ဈိမ ကိုပြောသည်။

အဆိုပါ မန္တလေး၊ပြင်ဦးလွင် အတက်အဆင်းလမ်းကို နေ့စဉ် ယာဉ်အစီးရေပေါင်း တစ်သောင်းကျော်အသုံးပြုလျှက်ရှိနေပြီး ၁၆ မိုင်နှင့် ၂၄ မိုင်တွင် ယာဉ်ကြောပိတ်ဆို့မှုများအဖြစ်များလျှက်ရှိသည်ဟု ဦးကျော်ဆန်း ကဆိုသည်။

သန်းထက်အောင် ကုန်စည်ပို့ဆောင်ရေးမှ ယာဉ်မှူး ဦးသိန်းတန် က "အခုလို လုပ်ပေးတာကောင်းတယ်။ကျွန်တို့ကုန်ကားသမားတွေအတွက်လည်းကောင်းသလို ခရီးသည်တွေအတွက် လည်းအဆင်ပြေ တာပေါ့။ဘယ်သူမှလမ်းမအိပ်ချင်ဘူး။အကြာကြီးမနေချင်ဘူး။အရင်ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲရှင်းရတာပေါ့။"ဟု ပြောသည်။

ကျောက်မဲနှင့်မန္တလေးပြေးဆွဲနေသည့် ကားစိမ်း အသင်းမှ ယာဉ်မှူး ဦးအောင်ကြီး ကလည်း "လမ်းပိတ်တာက ကားပျက်လို့ဖြစ်တာများတယ်။လမ်းကျဉ်းတော့ ကျော်မရဘူး။နောက်တစ်ခုက အခါကြီး ရက်ကြီးတွေမှာ လာလည်တဲ့ကားတွေများရင်လည်းပိတ်တယ်။အခုလို ရှင်းလင်းရေးအဖွဲ့ဖွဲ့ထားတာကြိုဆိုပါတယ်။"ဟုပြောသည်။

အဆိုပါအတက်အဆင်းလမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများနှင့်စက်ချို့ယွင်းမှုများဖြစ်ပေါ်လာပါက ၀၈၅ - ၂၂၀၂၂ ၊၀၈၅ - ၂၂၀၃၈ ၊ ၀၉၂၀၄၄၈၇၅၊၀၉၂၆၅၈၄၁၃၉၄၊၀၉၉၁၀၂၃၂၃၆ စသည့်ဖုန်းနံပါတ်များသို့ဆက်သွယ်အကြောင်းကြားနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly