လုံခြံုရေး အခြေအနေအရ ရန်ကုန်ရှိ ထိုင်းသံရုံး ဆက်ပိတ်ထားဦးမည်

လုံခြံုရေး အခြေအနေအရ ရန်ကုန်ရှိ ထိုင်းသံရုံး ဆက်ပိတ်ထားဦးမည်

ခိုထောင်ကျွန်းအမှု တရားစီရင်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ပြီးခဲ့သည့်လက စတင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရန်ကုန်ရှိ ထိုင်းသံရုံးကို ပိတ်ထားခဲ့ရာ ယခုလက်ရှိအချိန်တွင်လည်း သံရုံးအမှုထမ်းများနှင့် ထိုင်းနိုင်ငံသားများ၏ လုံခြုံရေး အခြေအနေအရ သံရုံးကို ဆက်လက် ပိတ်ထားဦးမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆန္ဒပြမှုများက ခရီးသွားဧည့်သည်များအတွက် အနှောက်အယှက် ဖြစ်စေနိုင်ပြီး ယင်းအတွက်ကြောင့် သံရုံးကို ယခု ဇန်နဝါရီ ၁၁ ရက်ထိ ပိတ်ထားရန် ဆုံးဖြတ် ခဲ့ရခြင်းဟု အဆိုပါသံရုံးက ထုတ်ပြန်သည်။

ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နှစ်ကုန်မတိုင်မီ တစ်ပတ်ကတည်းက သံရုံးကို ပိတ်ထားခဲ့ပြီး နောက်ပိုင်း ယင်းကို တနင်္လာနေ့တွင် ပြန်ဖွင့်ရန် အစောပိုင်းက စီစဉ်ထားခဲ့သည်။

 ယမန်နှစ် စက်တင်ဘာလက ထိုင်းတောင်ပိုင်း ခိုထောင်ကျွန်းတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှု ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများ ဖြစ်ကြသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ နှစ်ဦးအား ထိုင်းတရားရုံးက မကြာသေးမီကာလက သေဒဏ်ချမှတ်ခဲ့သည်။

ယင်းအတွက်ကြောင့် မြန်မာနိုင်ငံတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းက ထိုင်းသံရုံးအပါအဝင် နေရာများစွာသို့ ပြန့်နှံ့သွားခဲ့သည်။

သံရုံးပိတ်ထားချိန်တွင် အရေးကြီးသည့် ဗီဇာဝန်ဆောင်မှု ကိစ္စရပ်များကိုသာလျင် လုပ်ဆောင် ပေးနိုင်မည်ဟု အဆိုပါ သံရုံးက ထုတ်ပြန်ခဲ့ပြီး ဆန္ဒပြမှုများကြောင့် သံရုံးဝန်ဆောင်မှုလုပ်ငန်းများ ရပ်ထားခြင်းသည် သာမန်ဖြစ်ရိုးဖြစ်စဉ် လုပ်ဆောင်မှုသာဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမူဝီနိုင်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags