ဆိုးလ်၊ ဇွန် ၂၄ ။ ။ တောင်ကိုရီးယားတွင် သေဆုံးမှုမရှိသည့် သုံးရက်မြောက်နေ့အဖြစ် ဇွန် ၂၄ တွင် မားစ်အသစ် ကူးစက် ခံရသူ လေးဦးထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူစုစုပေါင်းအရေအတွက်မှာ ၁၇၉ ဦးအထိရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။
အသစ်ကူးစက်ခံရသူလေးဦးတွင် ဆေးရုံ၏ တူူညီသောကုသဆောင်တစ်ခုတည်းမှ လူနာနှစ်ဦးပါဝင်သည်ဟု ကျန်းမာရေးဝန်ကြီး ဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ အခြားနှစ်ဦးမှာ ဆိုးလ်ရှိ ဆမ်ဆောင်ဆေးရုံမှ သူနာပြုတစ်ဦးနှင့် ဇွန်လ အစောပိုင်းက ဆိုးလ်တောင် ဘက် ပြောင်တိုက်ရှိ ဆေးရုံတစ်ခုတွင် ရောဂါတစ်ခုဖြင့် ဆေးရုံတက်နေသော လူနာတစ်ဦး၏ ဆွေမျိုးတစ်ဦးဖြစ်သည်။
နောက်လူနှစ်ဦး ဗိုင်းရပ်မည်သို့ကူးစက်ခံရသည်ကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီး ဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ မားစ်ကြောင့် သေဆုံးသူအရေအတွက်မှာ ၂၇ ဦးအထိရှိသွားပြီဖြစ်သည်။
ထို့အပြင် လူ ၃,၁၀၀ ခန့်ကို နိုင်ငံပိုင်အဆောက်အအုံများ သို့မဟုတ် အိမ်များတွင် ရောဂါခြေချုပ်ပြုလုပ်ထားသည်။
ဇွန် ၂၂နှင့် ၂၃ရက်က ဆေးရုံက ဆင်းခွင့်ရသူ ၁၃ ဦးအပါအဝင် မားစ်ကူးစက်ခံရရာမှ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၇ ဦးအထိရှိလာသော်လည်း လူနာ ၁၆ ဦးမှာ စိုးရိမ်ရသည်ဟု ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။
အသက် ၆၈ နှစ်အရွယ် တောင်ကိုရီးယားအမျိုးသားတစ်ဦး ဆော်ဒီအာရေးဘီးယားမှ အပြန် မားစ်ကူးစက်ခံထားရကြောင်း မေ ၂၀ တွင် တွေ့ရှိရာမှ တောင်ကိုရီးယားတွင် ကူးစက်မှု စတင်ဖြစ်ပွားခဲ့သည်။