ရှမ်းယူနိုက်တက်အသင်း ဘရာဇီးနည်းပြချုပ် ခန့်အပ်

ရှမ်းယူနိုက်တက်အသင်း ဘရာဇီးနည်းပြချုပ် ခန့်အပ်
ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် မိုရီရာရူသာအား အသင်းနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- ရှမ်းယူနိုက်တက်)

ဇန်နဝါရီ ၆၊ ရန်ကုန်။               ။၂၀၁၆ ဘောလုံးရာသီအတွက် ပြင်ဆင်မှု အမြောက်အမြားပြုလုပ်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် ဘရာဇီးလူမျိုးနည်းပြ မိုရီရာရူသာကို တစ်ရာသီစာချုပ်ဖြင့် ခန့်အပ်လိုက်သည် ဟု အသင်းပိုင် ဖေ့ဘုတ်စစာမျက်နှာတွင် တရားဝင်ကြေငြာလိုက်သည်။ ရှမ်းယူနိုက်တက်အသင်းသည် နည်းပြ မိုရီရာရူသာအပြင် ကြံ့ခိုင်ရေးနည်းပြအဖြစ် ထိုင်းလူမျိုး ပိုကတ်ကိုလည်း တစ်ရာသီစာချုပ်ဖြင့် ခန့်အပ်လိုက်သည်။

ဘရာဇီးလူမျိုးနည်းပြ မိုရီရာရူသာသည် ဆော်အိုပေါ်လိုထွက် ဘောလုံးနည်းပြတစ်ဦး ဖြစ်ပြီး ၁၉၉၈ ခုနှစ်ကတည်းက နည်းပြလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။၂၀၀၄ ခုနှစ်တွင် ထိုင်းဘောလုံးလောကသို့ စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၁၅ ဘောလုံးရာသီတွင် ထိုင်းပရီးမီးယားလိဂ်ကလပ် TOT အသင်းတွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

" အနိုင်ရဖို့ဆိုတာ စိတ်ဓာတ်က အဓိကပါ။ အရာရာကို စိတ်ကပဲ ဦးဆောင်နေတာပါ။ ဘောလုံးကိုသာ အာရုံစိုက်ပြီး တစိုက်မတ်မတ် ကြိုးစားမယ်ဆို ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းလို့ ရပါတယ်။ နိုင်ရမယ် ဆိုတဲ့စိတ်ကိုသာ အမြဲတမ်း နှလုံးသွင်းထားပါ " ဟု နည်းပြသစ် မိုရီရာရူသာက ပြောသည်။

ရှမ်းယူနိုက်တက်အသင်းတွင်ယခင် နည်းပြချုပ် ဦးစိုးမြတ်မင်းက နည်းစနစ်ဒါရိုက်တာအဖြစ် ပြောင်းလဲတာဝန်ယူသွားမည် ဖြစ်ပြီး ဂိုးနည်းပြအဖြစ် လက်ရွေးစင်အသင်းဂိုးနည်းပြ ဦးအောင်သက်အား ဟံသာဝတီအသင်းမှ ခေါ်ယူအားဖြည့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly