လိပ်ကျွန်းလူသတ်မှု အယူခံအတွက် မြန်မာ သက်သေများအား ဆက်သွယ်ထားပြီ

လိပ်ကျွန်းလူသတ်မှု အယူခံအတွက် မြန်မာ သက်သေများအား ဆက်သွယ်ထားပြီ

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၆ ရက်၊ချင်းမိုင်(မဇ္ဈိမ)။              ။ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့သောင်းကျွန်း (လိပ်ကျွန်း) လူသတ်မှုဖြင့် သေဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံသား နှစ်ဦး၏ အယူခံအတွက် မြန်မာနိုင်ငံသား ၅ ဦးနှင့် ဆက်သွယ်ထားသည်ဟု မြန်မာသံရုံး စုံစမ်းစစ်ဆေးရေးကော်မတီက ပြောသည်။

သေဒဏ်ကျခံရသော ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့အတွက် အယူခံအတွက် လိုအပ်သည့် သက်သေများ ရှာဖွေရာမှ အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများအား ပြန်ဆက်သွယ်နိုင်ခဲ့သည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အရင်တုန်းကတည်းက ရထားတဲ့လူတွေပါ။ ဒီလူတွေကို ကျနော်တို့က ပြန်ဆက်သွယ်တဲ့အခါမှာ အဆင်ပြေရင်တော့ ရမဲ့သဘောရှိပါတယ်။ သူတို့က ကျွန်းမှာ နေခဲ့ဖူးတဲ့ လူတွေပါ။” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှဖြစ်ပြီး ထိုင်းနိုင်ငံ ကော့သောင်းကျွန်း၌ လာရောက် အလုပ်လုပ်ဖူးသူ များ ဖြစ်သည်ဟု သိရသည်။

အမှုကိစ္စအတွက် အထောက်အကူဖြစ်ရန် မြန်မာအစိုးရဘက်မှ ရဲဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦး၊ မူခင်းဆရာဝန်တစ်ဦးနှင့် နိုင်ငံတကာကျွမ်းကျင်သည့် မူခင်းရှေ့နေတစ်ဦးတို့ကို စေလွှတ်ပေးမည်ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ကိုဇော်လင်းနှင့် ကိုဝေဖြိုးအား သေဒဏ်ချမှတ်ပြီးနောက် ၎င်းတို့နှစ်ဦးကို ကော့စမွီအကျဉ်းထောင်မှ နကွန်ဆီဌာမရတ် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၆ ရက်တွင် မိဘများနှင့် ရှေ့နေများကောင်စီတို့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံနေသည်ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုဖြင့် ကိုဇော်လင်းနှင့် ကိုဝေဖြိုး ခေါ် ဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်က ကော့စမွီခရိုင် တရားရုံးတွင် သေဒဏ် ချမှတ်ခဲ့သည်။ ၎င်းအမှုကို ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က အယူခံဝင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly