ဒုက္ခရောက် တိရစ္ဆာန်လေးတို့ရဲ့ ကယ်တင်ရှင် မဧပရယ်မိုး

06 January 2016
ဒုက္ခရောက် တိရစ္ဆာန်လေးတို့ရဲ့ ကယ်တင်ရှင် မဧပရယ်မိုး

emergency animal rescue team ဆိုတဲ့ လူမှုအဖွဲ့လေးကို သတိထားမိကြပါရဲ့လား။ ဒီအဖွဲ့လေးဟာ တိရိစ္ဆာန် ချစ်သူ လူငယ်များ စုဖွဲ့ထားတာ ဖြစ်ပြီး ဒဏ်ရာရနေတဲ့ တိရိစ္ဆာန်တွေကို ပြုစုစောင့် ရှောက်ပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။  အခု ဒီအဖွဲ့မှာ ဦးဆောင် လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ မဧပရယ်မိုးရဲ့ အကြောင်းကို ပြောပြမှာပါ။ 

emergency animal rescue team (E.A.R.T)  ဆိုတဲ့ အရေးပေါ် တိရိစ္ဆာန် ကယ်ဆယ်ရေး အဖွဲ့ဟာ အခုနှစ်ပိုင်း အတွင်း တိရိစ္ဆာန် ချစ်သူတွေရဲ့ ကြားမှာ ထင်ပေါ်ကျော်ကြားလာပါတယ်။ သူတို့ကယ်ဆယ်စောင့်ရှောက်နေတာက လူအများစုရဲ့ လက်လျုရှုခြင်းကို ခံရတဲ့ ခွေးလေ ခွေးလွင့် ကလေးတွေပါ။ ဒီအဖွဲ့ထဲမှာ အဓိက ပါဝင်လှုပ်ရှားနေသူတွေဟာ စုစုပေါင်း လေးယောက်ခန့်သာ ရှိပါတယ်။ သူတို့အားလုံး လူငယ်လေးတွေပါပဲ။ ဒီအထဲက မဧပရယ်မိုးနဲ့ မိတ်ဆက်ပေးမှာပါ။ သူဟာ (E.A.R.T)  အဖွဲ့ထဲမှာ လူသိများတဲ့ လှုပ်ရှားဆောင်ရွက်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အလှုငွေကောက်ခံရာမှာလဲ တက်ကြွသူ ဖြစ်တဲ့ အပြင် ခွေးလေ ခွေးလွင့်ကလေးတွေကို သွားရောက်ကယ်တင်ရာမှာလည်း မိန်းကလေး ဖြစ်ပေမယ့် မခိုမကပ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဧပရယ်က နဂိုကတည်းက ခွေးလေးတွေလည်း ချစ်တယ်လေ။ ကိုယ့်ဘာသာ ကိုယ့်အိမ်မှာလည်း မွေးထားတယ်။ ရပ်ကွက်ထဲမှာ ရှိတဲ့ ကလေးတွေလည်း အမြဲ ထမင်းကျွေးနေကြ။ အနီးနား ကလေးတွေလည်း ထမင်းကျွေးတယ်။ ကိုယ်တတ်နိုင်သလောက်လဲ ဆေးကုပေးတယ်။ သူတို့ ကို ဆက်သွယ်မိသွားတယ်။ အဖွဲ့ဝင်က  သုံးလေးယောက်လောက်ပဲရှိတယ်။ သူတို့ လည်း သွားကယ်နေကြတယ်။

ဒ့ါအပြင် လက်ရှိမှာ ခွေးလေးတွေ အဆင်ပြေစေဖို့ သူမတို့ မိသားစုပိုင်တဲ့ ဒဂုံဆိပ်ကမ်း မြို့နယ်။ စစ်တောင်းအိမ်ယာ ထဲက တိုက်ခန်းကိုလည်း အသုံးပြုခွင့် ပေးထားသူပါ။

အိမ်ကို ပေးသုံးဖြစ်သွားတဲ့ အကြောင်းလေးကတော့ နဂိုတုန်းက ကယ်ရင်း ကယ်ရင်းနဲ့ အကောင်ရေက အရမ်းများလာတယ်။ တစ်ရက်ကို ဆေးရုံစရိတ်က ၅၀၀၀ ရှိတယ်လေ။ အဲလိုဆေးရုံတင်ပြီး ကုပေးတယ်။ လုံးဝ ပြန်ကောင်းပြီဆိုမှ  သူတို့နေရာ သူတို့ ချပေးတယ်။ ပြန်ချလို့ မရတဲ့ အကောင်တွေကျတော့ ပိုက်မိလာတယ်။ တစ်ကောင် ခေါ်လာလိုက် ဟိုကောင်ခေါ်လာလိုက် အဲဒီကျတော့ အကောင် လေးငါးခြောက်ဆယ် ဖြစ်သွားတယ်။ ပြန်ချတဲ့ အကောင်တွေကိုလည်း ချ မွေးစားမယ့် သူတွေကိုလည်း ပေး အဲသလိုမျိုး ဖြစ်သွားတာ။ ဒီမှာကျတော့ လုံးဝ ပြန်ချလို့ မရတဲ့ ကလေးတွေပေါ့။

အခုဆို ဒီခွေးလေးတွေဟာ အကြင်နာ ကင်းမဲ့တဲ့ လူတွေရဲ့ နှိပ်စက်မှု ဒဏ်တွေ ကနေ ကင်းဝေးနေပါပြီ။ ရှာဖွေစားသောက်ရ ခက်ခဲတဲ့ ခွေးလေ ခွေးလွင့်လေးတွေ အဖြစ်ကလည်း အိမ်မွေး ခွေးကလေးတွေ ကဲ့သို့ လုံခြုံငြိမ်းချမ်းစွာလည်း နေထိုင်နေကြရပါပြီ။

ဒီသားသားကတော့ သရုပ်ဆောင် မလှမြင့်ကဗျာ ခေါ်ခိုင်းထားတာ။  သူကဆိုရင် ငယ်ငယ်လေးက ကားကျိတ်သွားတာ။  သူက အူကျွံပြီး  ခြေထောက် တစ်ဖက်ကလည်း မလျှောက်နိုင်တော့ဘူး။ လုံးဝ စိုးရိမ်ရတဲ့ အခြေအနေပဲ။ ဆရာဝန်ကတော့ ဒီကလေးလေးက သိပ်တောင် ခံမှာ မဟုတ်တော့ ဘူး ဆိုပြီး အဲအချိန်မှာ ဒီကိုခေါ်ပြီးတော့ပဲ ဆေး စစ်ကုပေးထားတာ။ အဲဒီစိုးရိမ်ရတဲ့ အခြေအနေကို ကျော်ပြီး ဒီအရွယ်ထိကို ရောက်လာတာ။ အူကျွံတာကလည်း လုံးဝ ပြန်ကောင်းသွားတယ်။ ပြန်ကောင်းသွား ပြီးတော့ ခြေထောက်တွေ ဘာတွေ လမ်းပြန်လျှောက်လာနိုင်ပြီ ဒီမှာလည်း မြန်မာဆေးနည်း ကော ကျန်တဲ့ အင်္ဂလိပ် ဆေးနည်းတွေနဲ့ စပ်ပြီးတော့ ထိုးလိုက် တိုက်လိုက် လုပ်ရင်းနဲ့ အဲမှာ ဒီအရွယ်ထိ ရောက်လာပြီ။ သူ့နေရာလည်း ပြန်မပို့ ဖြစ်တော့ဘူး။ အူကျွံနေတယ်ဆိုတာက ဗိုက်ကလေးက အမြဲတမ်း ပူနေတာ သူ့ဗိုက်အခြေနေလေးကို ကြည့်ပြီး အမြဲတမ်း ကြည့်နေရတာပေါ့။ သူခုန်တာ ပေါက်တာ မလုပ်အောင်တော့ ဂရုစိုက်ရတယ်။ အူကျွံတယ်ဆိုတာက နံကျွံသွားတာ အသက်ရှုရ ခက်ခဲတာပေါ့နော်။ အစခေါ်လာတုန်းကဆိုရင်ပေါ့။ ခြေထောက်ကလေးကလည်း ကားကျိတ်ခံထားရတာ ဆိုတော့ လုံးဝ မလျောက်နိုင်တော့ဘူး။

သူတို့လေးတွေ အသီးသီးဆီမှာ နောက်ကြောင်းရာဇဝင် အသီးသီး ရှိပါတယ်။ ဒီခွေးလေးတွေကို ကယ်ဆယ်ခဲ့တုန်းက မဧရယ်မိုးတို့ တွေ့ခဲ့ရတဲ့ အခက်အခဲကလည်း မနည်းပါဘူး။

တွေ့ရတဲ့ အခက်ခဲတွေကတော့ အများကြီးပဲပေါ့။ တစ်ခါတလေကျရင် ဒီခွေးတွေအားလုံးက ကိုယ်နဲ့ ယဉ်ပါးတဲ့ ခွေးတွေ မဟုတ်ဘူးလေ။ လူနှိပ်စက်မှု ဒဏ်တွေကြောင့် လူတွေကို ကြောက်နေတာတွေလည်းရှိတယ်။ အနည်းဆုံးတော့ သူတို့ကို အချိန်ပေးရတယ်။ အဲဒီလို ကပ်ဖို့ဆိုရင်လည်း တစ်ခါတလေကျရင် အနုနည်း သုံးလို့ရရင်လည်း သုံး၊ သုံးလို့မရရင် ကြိုးကွင်းနဲ့ အကြမ်းနည်း သုံးရတယ်။ အဲလောက်ထိ မလိုအပ်ဘူး ဆိုရင်လည်း မေ့ဆေး ပစ်ရတဲ့ အခြေအနေအထိ ရှိတယ်။ အဲလိုမျိုး နည်းမျိုးစုံနဲ့ သုံးပြီးတော့ ကယ်ခဲ့ရတာပါပဲ။ အစ်မတစ်ယောက်ရဲ့ ခြံတစ်ခြံမှာ အဲလိုပဲ သွားပြီးတော့ ကာကွယ်ဆေး သွားထိုးတာပေါ့နော်။ ခွေးက အရမ်းချုပ်ဖို့လုပ်တော့ ကြောက်လန့်ပြီးတော့ ဧပရယ်က ရပ်နေတာ ခွေးက လှမ်းဟပ်လိုက်တာ။ ညာလက် တစ်ဖက်လုံး ခွေးပါးစပ်ထဲကို ဝင်သွားတာ။ အဲဒါနဲ့ ချက်ချင်း အနာကို သန့်ရှင်းရေးတွေလုပ် ပြီး ဆာကူယာ ဆေးရုံမှာ အဲဒီခြံပိုင်ရှင် အစ်မကလည်း ကူညီတယ်လေ။ ဆေးရုံမှာ အစအဆုံး တာဝန်ယူပြီး ဆေးရုံမှာ ချုပ်လိုက်ရတယ်။ ကျန်တဲ့ လိုအပ်တဲ့ မေးခိုင်ကာကွယ်ဆေးတွေကောပေါ့နော်။ အချက်ပေါင်းများစွာတော့ ချုပ်လိုက်ရတယ်။ လက်တစ်ခုလုံးပေါ့နော်။

ဒီလိုကယ်တဲ့သူက ကယ်နေပေမယ့် ကြမ်းတမ်းတဲ့ ခွေးလေ ခွေးလွင့်လေးတွေ ရဲ့ ဘဝမှာ သူတို့ကို နှိပ်စက်မယ့် သူတွေ မျက်ကွယ်ပြုထားတဲ့ သူတွေနဲ့လည်း တွေ့ဆုံနေရတာကြောင့် သူမတို့ အဖွဲ့အနေနဲ့ ကယ်ဆယ်ရေး လုပ်ရမယ့် စာရင်းတွေဟာ တိုးသထက် တိုးလာသလို ဖြစ်နေပါတယ်။

အချိတ်အဆက်တွေကတော့ ဧပရယ်တို့က ဖေ့ဘုတ်မှာတော့ အရေးပေါ် တိရိစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့ဆိုပြီး Page  လည်း ရှိတယ်။ Group  လည်း ရှိတယ်။ အဲဒီမှာ သိတဲ့ သူတွေကျတော့ အရေးပေါ် တိရိစ္ဆာန် ကယ်ဆေးရေး Page  ပေါ်မှာ ပုံလေး တင်လိုက် ဘယ်နေရာ ဘယ်နေရာမှာ ဘယ်လိုဖြစ်နေတယ်။ ကားတိုက်သွားတယ် ဆိုလည်း ကားတိုက်သွားတယ်။ ဓားခုတ်ခံရတယ်ဆို ဓားခုတ်ခံရတယ်။ အဲလို တစ်ခုခု ဖြစ်တယ်ဆို အကြောင်းအရာ တစ်ခု ပေါ့ အဲလို ပုံလေး ပို့ပြီး ပြောကြတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ တစ်ခုက ကူညီပေးနိုင်ဖို့ လိုတာကတော့ နေရပ် လိပ်စာ အတိကျ ရှိရမယ်။ လူယဉ်ပါးလား မယဉ်ပါးဘူးလား။ ပတ်ဝန်းကျင်က ကူညီပေးနိုင်လား ဒါမျိုးပေါ့နော်။ ကိုယ်သွားတဲ့ အခါကျမှ ဒီခွေးက ရှာမရရင်လည်း အချိန်ကုန်တယ်လေ။ တစ်ခုပြီး တစ်ခု သွားမယ် ဆို ချိတ်ထားတာ ဆိုတော့ အဲလို ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမူတွေလည်း လိုတယ်ပေါ့နော်။ တစ်ခုခုဆို (E.A.R.T)   ကို ကယ်ခိုင်းလိုက်ပါလား ဆိုပြီး သူတို့ဘာသာ ချိတ်ဆက်ပြီး ဖုန်းနံပါတ်တွေ ပေးလိုက်တော့ ကယ်ခိုင်းတဲ့ အကောင်ရေ အတွက်က အရမ်းများတယ်။ မနေ့ကဆိုရင် အရေးပေါ်ကယ်လိုက်ရတာ လေးကောင် ရှိတယ်။ တစ်နေ့ကို ပျမ်းမျှခြင်းအားဖြင့် လေးငါးကောင်ပဲ။

အခုဆိုရင် ခွေးလေးတွေမှ မဟုတ်တော့ပဲ ရေဘေးဒဏ်ကြောင့် အစာပြတ်လတ်နေတဲ့ နွားလေးတွေ ရှိတဲ့ ဒေသအထိ သူမတို့ အဖွဲ့ သွားရောက်ပြီး ကူညီကယ်ဆယ်မှုတွေ လုပ်ခဲ့ကြပြီးပါပြီ။ (E.A.R.T)  အဖွဲ့ရဲ့ ကောင်းသတင်းတွေကြောင့် အလှုငွေတွေကို ယုံယုံကြည်ကြည် ပေးလှုကြသူတွေလည်း ပေါ်ပေါက်နေပါပြီ။

နွားလေးတွေ အရမ်း ဒုက္ခရောက်နေတယ်ဆိုတဲ့ အချိန်မှာ မခင်သဇင်နဲ့ ချိတ်မိတာ။ သူ့ကို ဆက်သွယ်လိုက်ပါ ဆိုပြီးတော့ ဖုန်းဆက်လာတယ်။ သူနဲ့ ဆက်သွယ်တဲ့အခါ သူကို လာတွေ့ပါနော်တဲ့။ ကူညီချင်တယ်ဆိုတော့ သွားတွေ့တာ သူ သိန်း ၃၀ လှူတယ်။ ဧပရယ်တို့အဖွဲ့ကို ။ နောက် နာရေးကူညီမှု အသင်းက ၇၈ သိန်းရှိတဲ့ နွားစာတွေ ဝက်စာတွေ အကုန်လုံးကို လှူတယ်။ သူတို့လည်း ပံ့ပိုးမယ်။ နွားလေးတွေကို ရေနံချောင်း ဘက်ကို သွားကျွေးတယ်။ ဒီအဖွဲ့က အစ်ကိုကြီး နှစ်ယောက်နဲ့ပေါ့။ လမ်းမှာရှိတဲ့ ကလေးတွေကို ကယ်စရာရှိတာ ကယ်လာတယ်။ လိုအပ်တာ ဆေးကုပေးတာတွေ လုပ်ပေးတယ်။

အမှန်တော့ သူမ မိဘတွေ သူမကို ဖြစ်စေချင်တဲ့ ဘဝက မိသားစု စီးပွားရေးမှာ အားထားရတဲ့ သူ ဒါမှမဟုတ် အစိုးရ ဝန်ထမ်း တစ်ယောက် ဖြစ်စေချင်တာပါ။

အိမ်က လူကြီးတွေက စီးပွားရေးပဲ လုပ်စေချင်တယ်။ အဲလိုမျိုး ကိုယ်တိုးတက်တဲ့ အရာပဲ လုပ်ပါလား ဆိုပြီး ဒီလိုမျိုး လုပ်နေကြတော့ လူကြီးတွေက အရေမရ အဖတ်မရ လုပ်တယ်လို့ပဲ ထင်တယ်။ အချိန်တန် မိဘကပဲ ပံ့ပိုးပေးရတယ် အဲလိုမျိုးပေါ့။ ကျန်တဲ့ ဦးလေးတွေက နေပြည်တော်မှာ ရာထူးတွေ ရှိနေကြပါပြီ။ ရုံးလုပ်ငန်းကိုပဲ လုပ်စေချင်တယ်။ ရုံးလုပ်ငန်း လုပ်ရင် လုပ်၊ မလုပ်ရင် အိမ်က စီးပွားရေးလုပ်။၊ လူကြီးတွေ စိုးရိပ်တာကတော့ ငွေရေး ကြေးရေးတွေပါပဲ။ အများပိုက်ဆံ လုပ်တဲ့အခါကျတော့ သူများ အမြင် တိမ်းစောင်းတာတွေ ရှိမယ်။ အဲလိုမျိုးတွေ ကြောင့်လဲ မလုပ်စေချင်တာ။

သူမကိုယ်တိုင်ကလည်း အခုတော့ ပရဟိတ အလုပ်တွေကြားမှာ မအားနိုင်အောင် ဖြစ်နေပါပြီ။ တကယ်တမ်းတော့ ဒီလို အလုပ်တွေကို တော်ရုံလူတွေ မလုပ်နိုင်ပါဘူး။  သူမကိုယ်တိုင်ကရော ဘယ်လို စိတ်နေ စိတ်ထားတွေနဲ့ ဒီအရာတွေကို စွမ်းဆောင်နေခဲ့တာလဲ။ ဘယ်အရာတွေက သူမကို ဒီအလုပ်တွေကို လုပ်ဖြစ်သွားတာလဲ။ ဒါဟာ သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။

စာနာမှု စွမ်းရည်ဆိုတာ အမျိုးသမီးတွေမှာတင် မဟုတ်လောက်ပါဘူး။ အမျိုးသားတွေမှာလဲ ရှိချင်ရှိမှာပေါ့။ လူတိုင်းမှာ စာနာမှု စိတ်လေး ရှိကြမှာပေါ့။ အဲဒီမှာ အမျိုးသမီးတွေက ပိုများမယ် ထင်တယ်။ အားလုံးက ကရုဏာ သက်ကြပြီဆိုလည်း အမျိုးသမီးတွေက ပိုများတယ်။ ယောက်ျားလေးတွေကျတော့ တစ်မျိုးပေါ့နော်။ ကရုဏာ မသက်ဘူးရယ်လို့ မဟုတ်ဘူး။ ကရုဏာသက်ကြပါတယ်။ ဘယ်လိုလဲတော့ မသိဘူး သူတို့စိတ်ကို သေချာ မပြောပြတတ်ဘူးပေါ့နော်။ သူတို့ စိတ်ကို သူတို့ ဖြေနိုင်တယ် ထင်တယ်။ ဒါကြီးကို သိပ်ပြီး စွဲစွဲမြဲမြဲ ခံစားနေတာ မဟုတ်ဘူးပေါ့နော်။ ဧပရယ်တို့လောက် မခံစားရဘူးလို့လဲ ထင်တယ်။ ကိုယ်တွေက တစ်ခုခု ဆိုရင် ရင်ထဲထိ ခံစားပြီးတော့ လမ်းမှာ သွားလို့ ရှိရင်လည်း ဒီကလေးလေးက သနားဖို့ ကောင်းလိုက်တာ အဲတာတွေ စိတ်မကောင်း ဖြစ်ပြီး ရအောင်လုပ်ဖို့ စဉ်းစား သူတို့ဆိုလည်း အဲလိုမျိုး မကြိုးစားဘူးတော့ မဟုတ်ဘူး။ ကြိုးစားကြတယ်။ ကိုယ်တွေလောက် အဲလို ခံစားမယ်လို့တော့မထင်ဘူးပေါ့နော်။

ဟုတ်ပါတယ် တစ်ချို့သော လူသားတွေမှာ အဓိက လိုအပ်နေတာ စာနာမှု စွမ်းရည်ပါ။ စာနာမှု စွမ်းရည် နည်းပါးသူတို့ဟာ အားနည်းတဲ့ တိရိစ္ဆာန်လေးတွေကို ရက်စက်နိုင်ကြပါတယ်။ တစ်ဖက်မှာတော့ စာနာမှု စွမ်းရည် မြင့်မား သူတို့ဟာ အားနည်းတဲ့ တိရိစ္ဆာန်လေးတွေကို ဝိုင်းဝန်း ကယ်တင် ပေးနိုင်ကြပါတယ်။

အခုဆိုရင် ဒီလို စွမ်းဆောင်မှုတွေကို မိန်းကလေး ငယ်လေးတွေကပါ ပါဝင်စွမ်းဆောင်တာကို အားလုံး တွေ့မြင်နေရပါပြီ။ ဒါကြောင့် ဒီအစီစဉ်ကနေ (E.A.R.T)  အဖွဲ့မှ မဧပရယ်မိုးနဲ့ တွေ့ဆုံပြီး ခွေးလေ ခွေးလွင့်လေးတွေရဲ့ ကယ်တင်ရှင် တစ်ယောက် အဖြစ် မှတ်တမ်းတင်လိုက်ရပါတယ် ရှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly