သက်ဆင်နှင့် ယင်လပ်ပုံပါ ပြက္ခဒိန် ရိုက်နှိပ်မှု ထိုင်းစစ်အစိုးရ တားမြစ်

သက်ဆင်နှင့် ယင်လပ်ပုံပါ ပြက္ခဒိန် ရိုက်နှိပ်မှု ထိုင်းစစ်အစိုးရ တားမြစ်

 

 

 

ထိုင်းတွင် သက်ဆင်-ယင်လပ် ပြက္ခဒိန် ထုတ်ဝေဖြန့်ချိမှုအပေါ် အစိုးရကတားမြစ်နေခြင်းကို ရုတ်သိမ်းပေးရန် ဖုရာ့ထိုင်းပါတီက တောင်းဆိုမှု တစ်ရပ်ပြုလုပ်ခဲ့ရာ ယင်းတောင်းဆိုချက်ကို ဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာက ဇန်နဝါရီ ၅ ရက်တွင် ပယ်ချလိုက်သည်။

ဒေသအစိုးရအချို့၏ အမိန့်ဖြင့် အဆိုပါ ပြက္ခဒိန် ထုတ်ဝေမှုအပေါ် တားမြစ် ပိတ်ပင်နေမှုများကို ဖယ်ရှားပေးရေး ရေးသားတောင်းဆိုထားသည့် ဖုရာ့ထိုင်းပါတီ ခေါင်းဆောင် ဗီရိုပါအိုအင်ထံမှ အိတ်ဖွင့်ပေးစာတစ်ခုကိုလည်း အကြောင်းပြန်သွားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ် ချန်အိုချာက ဆိုသည်။

အဆိုပါ ပြက္ခဒိန်ရှိ ရုပ်ပုံတစ်ခုသည် "ဥပဒေချိုးဖောက်ခဲ့သူတစ်ဦး" ဖြစ်နေသည့်အတွက် ယင်းမှာ သင့်လျော်မှုမရှိဟု ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး တားမြစ်မှုများသည် နိုင်ငံရေးအရ ဖိအားပေးခြင်း ဖြစ်သည်ဟု ဖုရာ့ထိုင်းပါတီ၏ စွဲချက်များကိုလည်း ငြင်းဆိုသွားခဲ့သည်။

"ဘာကြောင့် သူ့ကို ကျွန်တော်က ပြန်ဖြေရမှာလဲ" ဟု ဝန်ကြီးအဖွဲ့အစည်းအဝေးတစ်ရပ်တွင် မေးမြန်းချက်များအပေါ် ဝန်ကြီးချုပ် ချန်အိုချာက ပြောကြားခဲ့သည်။ " ဒါမျိုးက ဖြစ်သင့်မဖြစ်သင့် ခင်ဗျား သေချာစဉ်းစားကြည့်လိုက်ပါ၊ ဘာလို့လဲဆိုတော့ ပြက္ခဒိန်ပေါ်မှာ ဥပဒေ ချိုးဖောက်သူတစ်ဦး ပါနေလို့ပဲပေါ့" ဟု ပြောကြားသွားသော်လည်း မည်သူမည်ဝါဟု အမည်ထုတ်ဖော် ပြောကြားသွားခြင်းမရှိပေ။

အဆိုပါ အငြင်းပွားဖွယ် ၂၀၁၆ ပြက္ခဒိန်တွင် ဖုရာ့ထိုင်း ပါတီဝင်များနှင့် ယခင် နိုင်ငံရေး အမတ်ဟောင်းများ ရုပ်ပုံကို ရိုက်နှိပ်ထားခြင်းဖြစ်ပြီး နှစ်သစ်ကူးတွင် ပါတီအပေါ် ထောက်ခံသူများအတွက် ရည်ရွယ်ရိုက်နှိပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags