သေနတ်ထိန်းချုပ်ရေးအမိန့်ကို သမ္မတ အိုဘားမား မျက်ရည်ကျလျက်က ပြဌာန်း

သေနတ်ထိန်းချုပ်ရေးအမိန့်ကို သမ္မတ အိုဘားမား မျက်ရည်ကျလျက်က ပြဌာန်း

ဝါရှင်တန်၊ ဇန်နဝါရီ ၆ ။            ။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သေနတ်ဝယ်ယူခွင့် စည်းကမ်းသတ်မှတ်ချက်သစ်များ ကြပ်မတ်ခြင်းအမိန့် ထုတ်ပြန်ချိန်တွင် သေနတ်ပစ်ခတ်မှု တစ်ရပ်အတွင်း ကလေးငယ်များ သေဆုံးခဲ့ရခြင်းအား စိတ်ထဲ ပြန်ပြောင်းသတိရရာမှ မျက်ရည်ကျကာ အမိန့်ကို ထုတ်ပြန်ခဲ့ရသည်။

၂၀၁၂ ခုနှစ်က ဆန်ဒီဟုခ် မူလတန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် ကလေးငယ် ၂၀နှင့် အရွယ်ရောက်ပြီးသူ ခြောက်ဦးသေဆုံးခဲ့ရခြင်းကို သမ္မတအိုဘားမားက ပြန်ပြောင်းပြောဆိုရာမှ မျက်ရည်ကျငိုကြွေးခြင်းဖြစ်သည်။

သမ္မတအိုဘားမား၏ လက်နက်ဝယ်ယူခြင်း စည်းကမ်းတင်းကြပ်မှုက လွှတ်တော်အတည်ပြုချက်မယူဘဲ သမ္မတ အထူးအာဏာဖြင့် ပြဌာန်းခြင်းဖြစ်ကာ သေနတ်ဝယ်ယူသူများ၏ နောက်ကြောင်းကို အဆုံးထိလိုက်လံစစ်ဆေးရမည့် စည်းကမ်းတင်းကျပ်မှုဖြစ်သည်။

သို့သော် အမျိုးသားရိုင်ဖယ်အသင်းက အိုဘားမား၏ လုပ်ရပ်ကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ပြောလာသည်။

သမ္မတ၏ လုပ်ရပ်က တရားရုံးများ၌ စိန်ခေါ်မှုများ ကြုံတွေ့လာရမည်မှာ ကျိန်းသေနေကြောင်း အောက်လွှတ်တော်ဥက္ကဌ ရီပတ်ဘရီကန်အမတ် ပေါလ်ရိုင်ယန်က ပြောသည်။

“အိုဘားမားရဲ့ စကားလုံးတွေနဲ့ လုပ်ကိုင်မှုတွေက လွတ်လပ်ရေးကို ထိပါးလာမယ့် ခြိမ်းခြောက်မှုတွေထဲမှာ ရှိနေတာပဲဖြစ်တယ်။”ဟု ပေါလ်ရိုင်ယန်က ပြောသည်။

လက်ရှိကာလတွင် အိမ်ဖြူတော်က လက်နက်ဝယ်ယူခွင့်ကို ဥပဒေတင်းကြပ်လာမည်ဟူသော ထင်ကြေးများက ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ထွက်ပေါ်နေခဲ့ရာ အမေရိကန်နိုင်ငံအတွင်း လက်နက်ရောင်းချခြင်းများ သိသိသာသာ တိုးတက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly