ထိုင်းအစိုးရ ၀က်ဆိုဒ်များ တိုက်ခိုက်ခံရမှု မြန်မာ ဟက်ကာများနှင့် ပတ်သက်မှုရှိမရှိ ထိုင်းရဲတပ်ဖွဲ့ စုံစမ်း

ထိုင်းအစိုးရ ၀က်ဆိုဒ်များ တိုက်ခိုက်ခံရမှု မြန်မာ ဟက်ကာများနှင့် ပတ်သက်မှုရှိမရှိ ထိုင်းရဲတပ်ဖွဲ့ စုံစမ်း

လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို တုန့်ပြန်ဆန့်ကျင်သည့် အနေဖြင့် ဇန်နဝါရီ ၅ ရက်တွင် အမည်မသိ ဟက်ကာများက ရဲတပ်ဖွဲ့ဝက်ဆိုဒ် အများအပြားကို တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ယခုအခါ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေပြီဖြစ်သည်။

အနည်းဆုံး ဝက်ဆိုဒ် ငါးခု၏ Home စာမျက်နှာတွင် အနက်နှင့် အဖြူရောင် စာသားများဖြစ်သည့် "Failed Law"၊ "We want Justice" စသည်တို့ ပေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ခိုထောင်ကျွန်း လူသတ်မှုအပေါ် မြန်မာနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား ဆန့်ကျင်ရည်ညွှန်း၍ တိုက်ခိုက်ခြင်းဖြစ်သည်။

ယခု ဟက်ကာများသည် ပြည်ပတွင် နေထိုင်သည့် လူ့အခွင့်အရေး တက်ကြွသူများဖြင့် ဖွဲ့စည်းထားသော အုပ်စုတစ်စု မှ ဖြစ်သည်ဟု ထိုင်းအမျိုးသား ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီချာနာရောင် ဆူတီ ချန်ဘန်ချာက ပြောကြားသည်။

"ဟက်ကာတွေက ကျွန်တော့်တို့ကို စိတ်အနှောက်အယှက် ဖြစ်နိုင်ရုံလောက်ပဲ၊ အခြား သတင်း အချက်အလက်တွေ ခိုးယူသွားတာမျိုး၊ ပျက်စီးစေတာမျိုး မရှိခဲ့ပါဘူး" ဟု ပြောသည်။

အနည်းဆုံး ဝက်ဆိုဒ်ငါးခု ဖောက်ထွင်းခံခဲ့ရသည်ဟု အာဏာပိုင်များက ပြောကြားသော်လည်း ဆိုဒ် ၁၄ ဆိုဒ်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု အမည်မသိ နိုင်ငံတကာ ဟက်ကာအုပ်စုတစ်စုက ထုတ်ဖော်ပြောကြားသည်။

"ဟက်ကာတွေက အခြားနိုင်ငံ တစ်နိုင်ငံဖြစ်တယ်ဆိုတဲ့ သတင်းတစ်ခု ကျွန်တော်ရထားပါတယ်" ဟု ရဲမှူး ဒီချာနာရောင် ဆူတီချန်ဘန်ချာကပြောဆိုခဲ့ပြီး သူတို့သည် ခိုထောင်ကျွန်းကိစ္စအပေါ် တုန့်ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံမှ ဟက်ကာများ လုပ်ဆောင်ခြင်း ဖြစ်နိုင်ပါသလားဟု မေးမြန်းခဲ့ရာ ဖြစ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ဖြေကြားသွားခဲ့သည်။

" ဒီကိစ္စမှာ ဘယ်သူလုပ်ခဲ့တာလဲဆိုတာကို ရဲတွေစစ်ဆေးနေပါတယ်၊ ဟက်ကာတွေက ပြည်တွင်းကလား၊ ဒါမှမဟုတ် ပြည်ပကလားဆိုတာတော့ ခုထိ သေသေချာချာ မသိရသေးပါဘူး" ဟု နည်းပညာပိုင်းဆိုင်ရာ မှုခင်း တိုက်ဖျက်ရေးဌာနမှ ရဲတပ်ဖွဲ့ အကြီးအကဲ ဆူပါဆီတီ ချွန်ချိုင်က ကျိုတို သတင်းအေဂျင်စီသို့ ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly