လိပ်ကျွန်း၊ ကာတွန်း၊ ဦးဟိန်စွန်း

လိပ်ကျွန်း၊ ကာတွန်း၊ ဦးဟိန်စွန်း

လိပ်ကျွန်းလူသတ်မှု စီရင်ချက် ချလိုက်တဲ့ အချိန်ကစလို့ ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့လား မသိပါဘူး၊ ဗမာပြည်မယ် မီးတွေ တောက်လျောက် ပျက်တော့တာပဲ၊ ဆန္ဒပြပွဲတွေလည်း တောက်လျောက်ပဲ၊ ဒီရက်ပိုင်းတွေမှသာ ငြိမ်းစုစီ ပုဒ်မ(၁၈)ဘာညာဆိုလို့ အတော်ကိုယ် ရှိန်သတ် သွားကြတာ။ ဗမာအာဏာပိုင်တွေဘက်က နောက်ဆုံးအသံကတော့ ထိုင်းဥပဒေက အပ်နှင်းထား သော အခွင့်အရေးများနှင့် အညီ ဆက်လက် အယူခံဝင်သွားမည် ဖြစ်ပါသည်ပဲ။

ဟုတ်ပါတယ်။ ဒါထက်ကျော်လို့လည်း ရှေ့ဆက်စရာ မရှိပါဘူး၊ ၁၉၉၅ လောက်က အမေရိ ကန် နိုင်ငံသား မိုက်ကယ်ဖေးဆိုတဲ့ လူငယ်လေးကို မှုတ်ဆေးတွေ လမ်းပေါ် စည်းမဲ့ကမ်းမဲ့ လျှောက်မှုတ်မှုနဲ့ စင်ကာပူအစိုးရက ကြိမ်ဒဏ်ပေးတုန်းကလည်း ခုလိုပဲ ကမ္ဘာအနှံ့ ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးတယ်၊ အမေရိကန်ကလည်း အပြင်းအထန် ကန့်ကွက်တာပဲ။ ဒါပေမဲ့ စင်ကာပူက သူ့ဆုံးဖြတ် ချက်ကို မပြင်ဘဲ ရိုက်ဖြစ်အောင် ရိုက်ခဲ့တယ်။ အမေရိကန်ဆိုတာ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အင် အားကြီး နိုင်ငံလည်းဖြစ်၊ ဒီမိုကရေစီ ဘိုးအေကြီးလည်း ဖြစ်တဲ့ နိုင်ငံပါ။ ဒါတောင် စင်ကာပူူပေါ် ကန့်ကွက်ချက် မအောင်မြင်ခဲ့ပါ။

မောင်မှန် ဒီလိုရေးလိုက်တဲ့အတွက် လိပ်ကျွန်းလူသတ်မှုကိစ္စ ဘာမှ လုပ်မနေကြနဲ့၊ ဘာလုပ် လုပ် ထူးမှာမဟုတ်ဘူးလို့ ဆိုလိုက်တာတော့ မဟုတ်ပါဘူး၊ ကိုယ်လုပ်နိုင်တာ၊ ကိုယ်လုပ်စရာရှိတာ တော့ လုပ်ကြရမှာပါပဲ။ ဒါပေမဲ့ သိပ်မလွဲနိုင်တဲ့ အဖြေတစ်ခု ရှိနေနှင့်ပြီးသားလို့သာ ဆိုလိုရင်းပါခင်ဗျာ။ တစ်ပြည်တစ်ရွာမှာဖြစ်တဲ့ ကိစ္စ အသာထားလို့ ကိုယ့်ရပ်ရွာက ကိစ္စတွေမှာ မောင်မှန်တို့ဟာ အတွေ့အ ကြုံတွေ ရင့်ကျက်လှပါပြီ၊ ပညာပြည့်ဝ နှလုံးလှခဲ့ကြပါပြီ၊ ကိုပါကြီး အသတ်ခံရမှု၊ ဒေါ်ခင်ဝင်း အသတ် ခံရမှုတွေမှာ အမှန်တရားအတွက် မောင်မှန်တို့ ပြည်သူတွေ ကြိုးပမ်း အားထုတ်ခဲ့ဖူးကြပါတယ်။ (မောင်မှန်တော့ ထုံးစံအတိုင်း မပါပါ၊) ဒါပေမယ့် အမှန်တရားအတိုင်း ခုထိ ဖြစ်မလာသေးပါ။ တစ်နေ့ တော့ ဖြစ်လာမှာပါဆိုတဲ့ စိုးပိုင်သီချင်းကို ဆိုရင်းနဲ့ ရေရှည်အတွက် စဉ်းစားပြီး ကိုယ်လုပ်စရာ ကိုယ်ဆက်လုပ်ကြရမယ်လို့ မြင်ကြောင်းပါ။

လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်တဲ့ Daily Eleven ထဲက ကာတွန်းနှစ်ပုဒ်ကလည်း တကယ့်ကို ရှယ်ပဲခင်ဗျ။ တစ်ပုံက ဆရာကိုခေတ် ရေးတာ။ ဗမာပြည်မြေပုံနဲ့တူတဲ့ ပိုက်ကွန်ထဲမှာ အပြည့်အသိပ် ရှိနေတဲ့ ငါးတွေက တစ်ဖက်က ငါးမျှားတံနှစ်ခုမှာ မိနေတဲ့ ငါးနှစ်ကောင်ကို လွှတ်ပေး၊ တရားမျှတမှု ကိုပေးလို့ ဝိုင်းအော်နေတဲ့ ပုံပါ။ မောင်မှန်တို့က ငါးပိုက်ကွန်ကြီးထဲက ငါးတွေပါ။ နောက် ကာတွန်း တစ်ခုကတော့ ဆရာကာလူးရဲ့ ကာတွန်းပါ။ ကာတွန်းက သုံးကွက်ကာတွန်း။ ပထမတစ်ကွက်မှာ လူတစ်စုက ဟိုဘက်ရွာက ကိစ္စ တရားမျှတမှုအတွက် ဆောင်ရွက်ပေးလု့ိ ဝိုင်းအော်နေတာကို ယူနီဖောင်းဝတ် လူတစ်ယောက်က တစ်ဖက်လှည့် မသိချင်ယောင် ဆောင်နေတဲ့ပုံပါ။ ဒုတိယ အကွက်မှာလည်း ဒီအတိုင်းပဲ၊ ယူနီဖောင်းဝတ်က လေတောင် ချွန်နေလိုက်သေးတယ်။

တတိယ အကွက်ကျ လူတစ်စုအော်သံက ပြောင်းသွားတယ်၊ ဒီဖက်ရွာကကိစ္စ တရားမျှတမှုတဲ့။ ဒီတော့မှ ယူနီဖောင်းဝတ်လူက အော်နေတဲ့ဖက်လှည့်ပြီး ကမန်းကတန်း အမိန့်ပေးတယ်၊ ခွဲ ခွဲ အခုချက်ခြင်း လူစုခွဲတဲ့။

ကာတွန်းလေးနှစ်ပုဒ်ဟာ မောင်မှန်တို့ လက်တွေ့ မျက်နှာမူနေရတဲ့ ဘဝတွေကို ထင်ဟပ်လိုက် တာပါပဲ၊ ထိထိမိမိ ရှိလိုက်တာလို့ ခံစားရပါတယ်။ ခေတ်အမြင်၊ ခေတ်အတွေးနဲ့ ပြည်သူတွေအပေါ် တာဝန်ကျေပေးခဲ့တဲ့ ကာတွန်းဆရာတွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ သူတို့လိုပဲ ခေတ်အဆက် ဆက် တာဝန်ကျေပေးခဲ့ကြတဲ့ မြန်မာကာတွန်းဟာ အခုဆို နှစ် ၁၀၀ တောင် ပြည့်ခဲ့ပါပြီ၊ မောင်မှန်က ကာတွန်းတွေကို ချစ်လည်းချစ်၊ ကာတွန်းဆရာတွေကို လေးစာလည်း လေးစားဆိုတေ့ာ မြန်မာကာ တွန်း နှစ် ၁၀၀ ပွဲကို အရောက်လှမ်းရတော့တာပေါ့၊ မောင်မှန်တို့နဲ့ ဖတ်လှဲတကင်း ကြီးပြင်းခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်တွေကို ဘယ်လိုများ ပြန်မြင်ရလေမလဲဆိုတဲ့ စိတ်က မောင်မှန်ကို အထူး လှုံ့ဆော်ပါတယ်၊ ဆရာကြီး ဦးအောင်ရှိန်းရဲ့ ဦးစံရှား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ခင်မောင်သိန်းထွန်းဝင်း၊ တိုက်ဂါး၊ ဦးစိတ်တို၊ မျောက်ညို၊ ကြာဇံ၊ ခင်၊ ဦးလူပေါ၊ ဉာဏ်ကျယ်လေး၊ ကျောက်ဖြုံးလေး၊ တီထွင် ပါရဂူ ဖိုးဆိတ်ဖြူ၊ စတဲ့ ဇာတ်ကောင်တွေ၊ ဆရာကြီး ဦးသန်းကြွယ်ရဲ့ ဖိုးဝ၊ အင်္ဂါဂြိုလ်၊ ပါမောက္ခကြီး ဦးတာတီး စတဲ့ ဇာတ်ကောင်တွေကို တစ်နည်းနည်းနဲ့ တစ်ဝကြီး မြင်ရမယ်ထင်တာ၊ လိုင်းကားမ လွယ်တဲ့ မင်းဓမ္မလမ်းက MCC ခန်းမကို မောင်မှန် Taxi နဲ့ လှမ်းကြွရပါတယ်ခင်ဗျာ။

ဟိုရောက်တော့ စည်စည်ကားကားပါ၊ မောင်မှန်ထင်တာထက်တောင် လူက များပါတယ်၊ ကာတွန်းဇာတ်ကောင်တွေကို ဖော့ပြားလား၊ ပလပ်စတစ်ပြားနဲ့လားမသိ၊ လူအရွယ်အစား ဆိုက်နဲ့ ပရိတ်သက်တွေ ဓါတ်ပုံ တွဲရိုက်လို့ရအောင်၊ ထောင်ထားပေးပါတယ်။ မောင်မှန်နဲ့အတူ ပါလာတဲ့ မောင်မှန်တူမ နှစ်ယောက်ကတော့ ဇာတ်ကောင်ရုပ်တွေနဲ့ တွဲလို့ ဖုန်းဓါတ်ပုံတွေ တဖျပ်ဖျပ်ပေါ့၊ ကာတွန်း ဇာတ်ကောင်ရုပ်တွေက မောင်မှန် မျှော်လင့်ထားသလောက် မများပေမယ့် အသင့်အတင့် တော့ ရှိပါတယ်။ ကာတွန်းရုပ်တွေနဲ့ ဓာတ်ပုံတွဲရိုက်နေတဲ့ မောင်မှန်တူမ နှစ်သောက်အဖို့ကတော့ သူတို့နဲ့ ရင်းနှီးနီးစပ်တဲ့ ဇာတ်ကောင်က နည်းနည်းပါ၊ တွတ်ပီ၊ ဗိုက်ကလေး၊ ဦးမောင်မောင်ဇာနဲ့ လေးမွန်၊ ထွေးမွန်အမွှာညီအမ လောက်ပါပဲ၊ ကျန်တာတွေက သူတို့နဲ့ဝေးသွားပါပြီ၊ နောက်ပြီး မောင်မှန် တူမတွေ အသည်းစွဲ ဇာတ်ကောင်တစ်ကောင်ရဲ့ ပုံကိုလည်း မတွေ့လိုက်ဖူးလားလို့ (မောင်မှန်တို့ မျက်စိလျှမ်းတာလည်း ဖြစ်နိုင်ပါတယ်) ကာတွန်းမင်းဇော်ရဲ့ ဘိုဘိုပုံပါ၊ ဘိုဘိုဟာ ဒီဘက်ခေတ် ကလေးကာတွန်း ပရိတ်သက်ကို ကိုယ်စားပြုတယ်လို့ မောင်မှန် ထင်ပါတယ်၊ ထားပါတော့။

MCC ခန်းမကြီးထဲမှာ တင်ဆက်တဲ့ ကာတွန်းဆရာတွေရဲ့ ဟာသပြဇတ်တို့နဲ့ အငြိမ့်ပွဲကလည်း မိုက်ပါတယ်၊ မောင်မှန် သဘောအကျဆုံးကတော့ အငြိမ့််ကနေချိန်အတွင်း လိပ်ကျွန်းဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မီးပျက်သွားစဉ်မှာ ကာတွန်းဆရာ လူရွှင်တော်တွေက တစ်ညီတစ်ညာထဲ သံပြိုင် ဝိုင်းအော်လိုက်ကြတာ ဒါမြန်မာပြည်ပါတဲ့ ခင်ဗျာ၊ အဲဒါလေး စိတ်ထဲ ငြိသွားပါတယ်။ အော် ဒါကြောင့်လည်း သူတို့ ကာတွန်းဆရာတွေ ဖြစ်နေကြတာကိုလို့လည်း တွေးမိပါတယ်။

မောင်မှန့် တူမတွေကတော့ ခန်းမထဲ ကာတွန်းပြပွဲကို ကြည့်ရင်း ဓာတ်ပုံရိုက်ရင်းပေါ့၊ အတော် လေးကြာတော့ ပဉ္စမတန်း ကျောင်းသူ တူမအငယ်မက မောင်မှန့်အနား ရောက်လာပြီး စကားတစ်ခွန်း ပြော တယ်၊ ကာတွန်းဆရာကြီးတွေကလည်း စာလုံးပေါင်း မှားတာပဲနော်တဲ့၊ မောင်မှန်ကလည်း ကာတွန်းပုံတွေထဲက စာလုံးပေါင်း အမှားတစ်ခုခုကိုတွေ့ပြီး လာပြောတယ်မှတ်လို့ နည်းနည်းပါးပါးတော့ မှားတတ်တာပေါ့ သမီးရယ်လို့ ပြန်ဖြေရှင်းပါတယ်။ သူက ကာတွန်းပုံထဲက စာသားမဟုတ်ဘူး၊ ကာတွန်းဆရာကြီး နာမည်မှားနေတာ၊ မယုံရင် လိုက်ကြည့်ပါလားတဲ့၊ မောင်မှန်လည်း အငြိမ့်ကြည့်နေ တာနဲ့ လိုက်မကြည့်တော့ပါဘူး သမီးရယ် ပြောပဲပြောပါလို့ပြောတော့ သူက ကာတွန်းဆရာကြီး ဦးဟိန်းစွန်းရဲ့ နာမည်ကို ဦးဟိန်စိန်းလို့ ရေးထားတယ်၊ ဝစ္စပေါက် ပြုတ်ကျန်နေတယ်လို့ ဖြေပါတယ်။ ဟဲ့သမီး ဦးဟိန်စွန်းက အမှန်ပဲလေးလို့ မောင်မှန်ပြောတော့ မဟုတ်ပါဘူး၊ သမီးတို့ မြန်မာစာ ဖတ်စာ အုပ်ထဲမှာ ဦးဟိန်းစွန်းပါတဲ့၊ မယုံရင် အိမ်ရောက်ရင် သမီးပြမယ်တဲ့၊ ဒါနဲ့ အိမ်ပြန်ရောက်တော့ ငါးတန်း တူမက သူ့မြန်မာစာ ဖတ်စာအုပ် လာပြတယ်၊ ဟုတ်ပါရဲ့ခင်ဗျာ၊ ကာတွန်းဆရာကြီး ဦးဘဂျမ်း သင်ခန်းစာမှာ (စာမျက်နှာ ၂၂ မှာ) ဦးဟိန်းစွန်းလို့ ဖော်ပြပါရှိပါတယ်၊ ကောင်းရောပေါ့၊ အဲဒါ ပြဌာန်း စာအုပ်ထဲမှာပါ၊ အမှားသိရင် အမှန်ပြင်နိုင်ကြပါစေခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly