တရုတ်နိုင်ငံသား မြေမြုပ်မိုင်း ထိမှန်၍ မြန်မာကို တရုတ်က အရေးဆိုကန့်ကွက်ထား

တရုတ်နိုင်ငံသား မြေမြုပ်မိုင်း ထိမှန်၍ မြန်မာကို တရုတ်က အရေးဆိုကန့်ကွက်ထား

တရုတ်နိုင်ငံက မြန်မာနှင့် နှစ်နိုင်ငံနယ်စပ်တွင် တရုတ်နိုင်ငံသားတစ်ဦး မြေမြုပ်မိုင်းထိမှန်ဒဏ်ရာရသဖြင့် မြန်မာနိုင်ငံအား အရေးဆိုကန့်ကွက်ထားကြောင်း ဇန်နဝါရီ ၅ ရက်က ပြောသည်။ ယခု မတော်တဆဖြစ်ရပ်သည် အိမ်နီးချင်းနှစ်နိုင်ငံကြားက ဆက်ဆံရေးကို တင်းမာသွားစေနိုင်သည့် နယ်စပ်ပဋိပက္ခများမှ နောက်ဆုံးဖြစ်ရပ်တစ်ခုလည်းဖြစ်သည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား နယ်စပ်တစ်လျှောက် တိုက်ပွဲများ မဖြစ်ပွားအောင် ထိရောက်သည့် ထိန်းချုပ်ကန့်သတ်မှုများလုပ်ဆောင်ရန် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ထပ်ကာထပ်ကာ တောင်းဆိုထားသည်။

ဇန်နဝါရီ ၃ ရက်က မြေမြုပ်မိုင်းမှန်၍ တရုတ်နိုင်ငံသား ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း၊ သို့သော် မိုင်းပေါက်ကွဲသည့် နေရာအတိအကျကို ပြောနိုင်သေးခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဟွာချွမ်ယင်းက ပြောသည်။

"ဒီဖြစ်ရပ်ကို နောက်ထပ် စုံစမ်းစစ်ဆေးနေတုန်းပါ။ ဒါနဲ့ပတ်သက်ပြီး ကျွန်မတို့ဖက်က တော်တော်လေး ပူပန်ကြောင်း ပြောလိုတယ်။"ဟု ဟွာက ပြောသည်။

"တရုတ်နိုင်ငံဖက်ကတော့ မြန်မာနိုင်ငံကို လေးလေးနက်နက် ပြောထားပြီးလည်းဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေ နောက်ထပ်မဖြစ်လာအောင် ရှောင်ရှားနိုင်ဖို့ ထိရောက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဖို့ကို တောင်းဆိုထားပြီးသားပါ။ တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ် ပိုင်ဆိုင်မှုတွေ လုံခြုံရေးကို ထိခိုက်အန္တရာယ်ပေးနိုင်တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေကို တားဆီးကာကွယ်ဖို့ ပြောထားပြီးလည်းဖြစ်ပါတယ်။"ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တရုတ်နယ်စပ်အနီးက နယ်မြေ နှစ်နေရာအပါအဝင် သူပုန်အဖွဲ့အချို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တိုက်ပွဲများကြောင့် ပြီးခဲ့သည့် နှစ်များအတွင်း နယ်စပ်မှတစ်ဆင့် တရုတ်ဖက်ခြမ်းသို့ မြန်မာပြည်သူထောင်ပေါင်းများစွာက ဘေးကင်းလုံခြုံမှုအတွက် ခိုလှုံရန် ကြိုးစားရလျက်ရှိသည်။

"တရုတ်-မြန်မာနယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့်အတူ လက်တွဲလုပ်ဆောင်ပါရန်" မြန်မာနိုင်ငံအား ဟွာက တိုက်တွန်းပြောကြားလိုက်သည်။

ရိုက်တာသတင်းဌာနက သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဖြစ်သူ ဦးရဲထွဋ်အား ဆက်သွယ်မေးမြန်းရာတွင် ထင်မြင်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် တိုက်ပွဲများတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖက်ခြမ်းသို့ ဗုံးလွဲမှား ကျရောက်ပေါက်ကွဲခဲ့ရာ နိုင်ငံသားငါးဦး သေဆုံးခဲ့ရသဖြင့် တရုတ်နိုင်ငံက စိတ်ဆိုးဒေါသထွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly