“ငြိမ်းချမ်းရေး ညီလာခံ၊ အနှစ်သာရ ရှိပါ့မလား”

“ငြိမ်းချမ်းရေး ညီလာခံ၊ အနှစ်သာရ ရှိပါ့မလား”

သိပ်မကြာခင် လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ကျရင် နေပြည်တော်မှာ အစိုးရက ဦးဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ခုကို ခန်းခန်းနားနား ကျင်းပပါတော့ မယ်။ အသွင်သဏ္ဍာန်အားဖြင့် ခန်းခန်းနားနားလုပ်ဖို့ ကြံရွယ်ထားတာ တွေ့ရပေမယ့် တကယ် ရော အနှစ်သာရ ရှိပါ့မလားဆိုတာ မေးခွန်းထုတ်စရာပါ။ အခက်အခဲ အတားအဆီးတွေ ပြဿ နာတွေ ကြုံနေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ လက်ရှိအစိုးရဟာ သူ့သက်တန်းကုန်ဖို့ သုံးလလောက်ပဲ လိုတော့တဲ့ အချိန်မှာ ဒီ ညီလာခံ ဘာလို့ ကျင်းပရတာလဲ၊ ဘယ်လို ပြဿနာတွေ ကြုံနေရသလဲ ၊ရှေ့ဘာဆက်ဖြစ် လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို အစိုးရက ဦးဆောင်ပြီး ကျင်းပမှာ ပါ။ အကောင်အထည် ဖော်နေတာက မြန်မာငြိမ်းချမ်းရေးစင်တာ MPC နဲ့ NCA စာချုပ်အရ ဖွဲ့စည်းထားတဲ့ UPDJC လို့ခေါ်တဲ့ ပူးတွဲကော်မတီက အတွင်းရေးမှူး အဖွဲ့ပါ။ အစိုးရအဖွဲ့က တော့ အခု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပရတာဟာ လက်နက်ကိုင် တိုင်းရင်း သား (၈) ဖွဲ့နဲ့ ချုပ်ဆိုထားခဲ့တဲ့ တစ်တိုင်းပြည် လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA ပါ အချက်အရ ကျင်းပရတာ ဖြစ်တယ်၊ သူတို့ အစိုးရ သက်တမ်းအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အုတ်မြစ်  ချပေးသွားချင်တာကြောင့် အခုလို အစပြုပြီး  ကျင်းပပေး ရတာ၊ နောက်ပိုင်း ဒီငြိမ်းချမ်းရေး ညီလာခံကို နောင်တက်လာတဲ့ အင်န်အယ်လ်ဒီ အစိုးရကပဲ ဦးဆောင် ကျင်းပသွားလိမ့်မယ် လို့ ဆိုပါတယ်။

ဒီငြိမ်းချမ်းရေး ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်း သား၊ နိုင်ငံရေးပါတီ စတဲ့ အုပ်စုတွေက လူပေါင်း ၇၀၀ ကျော်၊ ဖိတ်ကြားသင့်သူတွေ၊ လေ့လာ သူတွေ ပါဝင်မယ် ဆိုရင် လူပေါင်း ၈၀၀၊ ၉၀၀ လောက် တက်ကြမယ့် ညီလာခံကြီးလို့ သိရပါ တယ်။ ဒီညီလာခံကို တက်ဖို့ဆိုပြီး အစိုးရဘက်ကနေ လွှတ်တော်ဘက်ကို ကိုယ်စားလှယ်တွေ စေလွှတ်ပေးရေးကိစ္စ တောင်းဆို ထားတာမှာ နာယကသူရဦးရွှေမန်းဘက်က ဘာမှ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။ တကယ်လို့ ပြည်ထောင်စု အဆင့် လွှတ်တော် ဘက်က အဲလို ညီလာခံကို သပိတ်မှောက်မယ်ဆိုရင် ပြည်နယ် နဲ့တိုင်းက လွှတ်တော်အမတ်တွေကို တက်စေမယ်လို့ အစိုးရဘက်က ပြင်ဆင်ထားပါတယ်။

နောက်ပြဿနာတစ်ခုက အစိုးရဘက်ကနေ ညီလာခံကို ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပချင်ပေမယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ အဲဒီအချိန် လွှတ်တော်ဘက်မှာ အလုပ်များနေလိမ့်မယ်၊ ဒါကြောင့် ညီလာခံကို သုံးရက်လောက်ပဲ လုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆိုထားပြန်ပါတယ်။ အင်န်အယ်လ်ဒီ ကလည်း ဒီညီလာခံကို ဖွင့်ပွဲနဲ့ ဘာဆုံးဖြတ် ချက်မှ မချတဲ့ အဖြစ်သဘောလောက်ပဲ လုပ်စေ ချင်တဲ့အကြောင်း ပြောခွင့်ရ ဦးဝင်းထိန်က ပြောဆိုထားပြီးပါပြီ။

ဒါ့အပြင် ဒီညီလာခံကို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေထဲက အပစ်အခတ် ရပ်မ ထားတဲ့ အဖွဲ့တွေကိုလည်း တက်ရောက်ဖို့ အစိုးရက ဖိတ်ကြားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ကိုးကန့်တပ်ဖွဲ့နဲ့ AA ရခိုင်တပ်ဖွဲ့တွေကိုတော့ ဖိတ်ကြားခြင်း မပြုပါဘူး။ ဒါနဲ့ ပတ်သက်လို့ အင်အားကြီး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝ အဖွဲ့ကတော့ တက်မှာ မဟုတ်ဘူးဆိုပြီး သဘောထား ထုတ်ပြန်လိုက်ပါပြီ။ ဒါဆို မိုင်းလား အဖွဲ့ကလည်း တက်မှာ မဟုတ်တာ သေခြာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်တဲ့ ရေဒီယို အင်တာဗျူးတစ် ခုမှာ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီက အထွေထွေအတွင်း ရေးမှူးဖြစ်တဲ့ ကရင်နီပြည် အမျိုးသား တိုးတက်ရေးပါတီက ခူးဦးရယ်ကတော့ သူတို့ကို လေ့လာသူလိုလို ဖိတ်တာကို သဘောမကျဘူး၊ ဒါကြောင့် တက်မှာ မဟုတ်ဘူးလို့ ပြောဆို ထားပါတယ်။ ဒီအချက်အလက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်း ရေး ညီလာခံဟာ လူမစုံ တက်မစုံ ပုံသဏ္ဍာန်သဘောလောက်ပဲ ကျင်းပရတဲ့ ညီလာခံ ဖြစ်သွားနိုင်ပါတယ်။

ဒီလိုဖြစ်ရတာဟာ အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က NCA အပစ်ရပ် စာချုပ်ကို လက်မှတ် ရေးထိုးကြပြီးနောက် ညီလာခံကြီး ကျင်းပနိုင်ဖို့ မူဘောင် ရေးဆွဲရေး လုပ်ခဲ့စဉ်တုန်းကပါ။ NCA စာချုပ်အရ မူဘောင်ရေးဆွဲရာမှာ အစိုးရနဲ့ တပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ၃ ဖွဲ့ အချိုးတူ ပါဝင်ရမယ်လို့ ဆိုထား ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေကို ရွေးချယ်ရာမှာ အစိုးရဘက်က မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၉၀ ကို အခြေခံ ရွေးချယ်ခဲ့ပြီး ဒါကို အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က လက်မခံခဲ့ပါဘူး။

အင်န်အယ်လ်ဒီ ဘက်ကတော့ မှတ်ပုံတင် ထားရုံ တင်ထားပြီး ပြည်သူလူထု ထောက်ခံမှု လုံးဝမရှိတဲ့ ပါတီက ကိုယ်စားလှယ်တွေကို ထည့်သွင်းတာဟာ မဖြစ်သင့်တဲ့ ကိစ္စ၊ တကယ့် တကယ်ဖြစ်သင့် တာက ရွေးကောက်ပွဲ ပြီးပြီမို့ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီး ကိုယ်စားလှယ် ရွေးသင့်တယ်လို့ သဘောထား ရှိပါတယ်။

နောက်ပိုင်း အစိုးရက သူ့သဘောနဲ့သူ ဆက်လုပ်သွားခဲ့ရာမှာ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်တစ်ခု၊ UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပမယ့် ပူးတွဲကော်မတီ တစ်ခု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အခု အဲဒီအဖွဲ့ရဲ့ သဘောထားနဲ့ လူပေါင်း ၇၀၀ လောက်ပါတဲ့ ညီလာခံကြီး လုပ်ကြတာပါ။ ပြောရရင် ဒီ အစီအစဉ် တစ်ခုလုံး ဟာ အစိုးရဘက်က ဦးဆောင် လုပ်ခဲ့တာချည်း ဖြစ်ပါတယ်။ အခု အဲလို လုပ်ခဲ့လို့လည်း ညီလာခံဟာ လူမစုံ တက်မစုံ အခြေအနေ ဆိုက်ရပါတော့မယ်။

နောက်ပြဿနာ တစ်ခုကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို စုဖွဲ့ ကျင်းပ မယ့် ပုံစံပါ။ တကယ်တော့ လက်ရှိ တိုင်းပြည်မှာ အင်အားစု သုံးစုပဲ ရှိပါတယ်။ တစ်ခုကတော့ ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ ရွေးချယ်ခံ အမတ်တွေရဲ့ အစုဖြစ်ပြီး အဲဒီ အစုအဖွဲ့ကသာ တိုင်းပြည်ရဲ့ အရေးအရာ အားလုံးကို ဆုံးဖြတ်ဖို့ ပြည်သူတွေရဲ့ ထောက်ခံခွင့် ပြုချက် ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ နိုင်ငံရေး စီးပွားရေးစနစ်ကို ပြန်လည် ဆွေးနွေးဆုံးဖြတ်ရာမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ပစ်ပယ်ထားလို့ မရပြန်ပါဘူး။ ဒါကြောင့် လက်တွေ့ကျတဲ့ ဆွေးနွေးပွဲဟာ ဒီသုံးစုရဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ အဲလို လက်တွေ့ကျကျ ဆွေးနွေး ညှိနှိုင်းနိုင်မှသာပဲ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ အဖြေရလာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly