အမေရိကန် စစ်ပွဲသုံးလက်စွဲစာအုပ်က ဂျာနယ်လစ်များကိုလည်း တိုက်ခိုက်နိုင်ဟု လမ်းညွှန်ထား

အမေရိကန် စစ်ပွဲသုံးလက်စွဲစာအုပ်က ဂျာနယ်လစ်များကိုလည်း တိုက်ခိုက်နိုင်ဟု လမ်းညွှန်ထား

ဝါရှင်တန်၊ ဇွန်-၂၄ ။      ။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စစ်ပွဲစည်းမျဉ်းများနှင့် ပတ်သက်သည့် လမ်းညွှန်စာအုပ်တစ် အုပ်ကို ထုတ်ပြန်ခဲ့ရာမှာ ရန်သူကို သတ်ဖြတ်သည့် လက်ခံနိုင်ဖွယ် နည်းလမ်းအသေးစိတ်ကို ဖော်ပြထားသည့်အပြင် ထိုစာအုပ် ထဲတွင် ဂျာနယ်လစ်များသည်လည်း အကြမ်းဖက်သမားများဖြစ်နိုင်ကြောင်း ပြောကြားထားသည်ဟု ဆိုသည်။

 ‘ ကာကွယ်ရေးဝန်ကြီးဌာန စစ်ပွဲလက်စွဲဥပဒေ’ဟု အမည်ပေးထားသည့် ထိုစာအုပ်ထဲတွင်  ပစ်ခတ်၊ ဖောက်ခွဲ၊ ဗုံးကြဲ၊ စားဖြင့် ထိုး (သို့မဟုတ်)လှီးဖြတ်ခြင်းများကို ရန်သူကိုသတ်ဖြတ်ရာတွင် လက်ခံနိုင်ဖွယ်နည်းလမ်းများအဖြစ် ရှင်းပြထားသော်လည်း အဆိပ် (သို့မဟုတ်) အသက်ရှူကျပ်စေသည့် ဓာတ်ငွေ့များ အသုံးပြုခြင်းကိုမူ ခွင့်ပြုမထားပေ။

ရုတ်တရက် ရှောင်တခင်တိုက်ခိုက်ခြင်းနှင့် ဆုတ်ခွာပြေးလာသည့် တပ်သားများကို သတ်ဖြတ်ခြင်းကိုလည်း အဆိုပါ ပင်တဂွန် လက်စွဲစာအုပ်တွင် ခွင့်ပြုထားသည်။

စာမျက်နှာပေါင်း ၁၁၇၆မျက်နှာပါရှိသည့် အဆိုပါလက်စွဲစာအုပ်က ဂျာနယ်လစ်များကိုလည်း သမ္မတ ဂျော့ဒဗလျူဘုရှ်လက်ထက်က ပထမဆုံးအသုံးပြုခဲ့သည့် တရားဝင်မဟုတ်သော ရန်သူတိုက်ခိုက်ရေးသမားဟူသည့် အသုံးအနှုန်းကို အစားထိုးထားသော အဓိပ္ပာယ်ေ၀ဝါးသည့်ဝေါဟာရ ‘အခွင့်ထူးခံမဟုတ်သော စစ်ပွဲတွင်ပါဝင်နေသူ’’ဟု တံဆိပ်ကပ်နိုင်ကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။  

 ‘ယေဘုယျအားဖြင့်တော့ ဂျာနယ်လစ်တွေဟာ အရပ်သားတွေပဲ။ ဒါပေမယ့် ဂျာနယ်လစ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေကို အဖော်ပြုလိုက်ပါခွင့်ရှိတဲ့လူတွေ (ဒါမှမဟုတ်) အခွင့်ထူးခံမဟုတ်တဲ့ စစ်ပွဲမှာပါဝင်နေတဲ့လူတွေ’’ဟု အဆိုပါလက်စွဲစာအုပ်တွင် ဖော်ပြထားသည်ဟု ဆိုသည်။  

အခွင့်ထူးခံမဟုတ်သည့် စစ်ပွဲတွင်ပါဝင်နေသူဟုဆိုရာတွင် ဂျနီဖာကွန်ဗင်းရှင်းမှ အခွင့်အရေးအပ်နှင်းမထားသည့် တစ်စုံတစ်ယောက်ကို ရည်ရွယ်ခြင်းဖြစ်ပြီး၊ ထိုလူမှာ စစ်သုံ့ပန်းအဆင့်မှ အငြင်းပယ်ခံရမည်ဖြစ်သကဲ့သို့ ထိုလူကို အကန့်အသတ်မရှိလည်း ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟုဆိုလိုခြင်းဖြစ်သည်ဟု ဆိုသည်။  

ဒီစာအုပ်က ဂျာနယ်လစ်တွေကို ရန်သူ့ဘက်ကမဟုတ်ရင်တောင်မှ သူတို့မကြိုက်ရင် တိုက်ခိုက်နိုင်တယ် (ဒါမှမဟုတ်) သတ်တောင်သတ်ပစ်နိုင်ဖို့ ခွင့်ပြုချက်လိုင်စင်ပေးထားတာပါပဲ’ဟု ဂျော့တောင်းတက္ကသိုလ်မှ ဂျာနယ်လစ်ဇင် ပါမောက္ခတစ်ဦးဖြစ်သည့် ခရစ် ချိမ်ဘာက ပြောကြားသည်။

ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ဂျိုးဇက် အာ ဆိုးရားကမူ လက်စွဲစာအုပ်မှာ အရေးမကြီးလှဘဲ မဖြစ်မနေ လိုက်နာရမည့် ဥပဒေလည်းမဟုတ်ဟု ပြောကြားခဲ့သည်။

 ‘အယ်ခိုင်ဒါလို အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ဂျာနယ်လစ်ဇင်လို့ပြောရတဲ့ အလုပ်ကိုလည်း လုပ်နေမယ်ဆိုရင် အခွင့်ထူးခံမဟုတ်တဲ့ စစ်ပွဲတွင်ပါဝင်နေသူလို့ပဲ ပြောရမှာပါ’’ဟု ဆိုးရားက ပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly