တအာင်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှု ကော်မရှင်သို့ တိုင်ကြားနိုင်ရန် ကူညီမည်

တအာင်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှု ကော်မရှင်သို့ တိုင်ကြားနိုင်ရန် ကူညီမည်

ဇန်နာဝါရီ ၅ ရက် ။              ။ နမ့်ခမ်းမြို့နယ်အတွင်း၌ ခမရ (၃၂၄) နှင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့တို့မှ တအာင်းဒေသခံပြည်သူများကို ဖမ်းစီးရိုက်နှက်ခြင်း၊ ငွေကြေးနှင့် ပစ္စည်းများယူဆောင်သွားခြင်းတို့ အပါအဝင် လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်သို့ တိုင်ကြားသွားမည်ဟု သိရသည်။

ဇန်နဝါရီလ (၅) ရက်နေ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ တအာင်းအဖွဲ့အစည်းများက ယင်းသို့ ပြောဆိုကြခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဒီနေ့ထိတော့ မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်ကို တင်ပြတိုင်ကြားတာမျိုးတော့ မရှိသေးပါဘူး။ တကယ်ခံရတဲ့ လူတွေကို အသေးစိပ် ထပ်မေးမယ်။ အချက်အလက်တွေ ကောက်ယူပြီးတော့ လူ့အခွင့်ရေး ကော်မရှင်ကို တင်ဖို့ ကျွန်တော်တို့ ကူညီလုပ်ဆောင်သွားမှာပါ " ဟု တအာင်းလူငယ်နှင့် ကျောင်းသားအဖွဲ့အစည်း အထွေထွေ အတွင်းရေးမှူး မိုင်းဆိုင်ရပ်က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ စေကင်းကျေးရွာ၌ နယ်မြေခံတပ်ရင်း ခမရ (၃၂၄) နှင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ရွာအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်ကာ ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ခြိမ်းခြောက်စစ်ဆေးခြင်း၊ ငွေကြေးနှင့် ပစ္စည်းများလုယူခြင်း စသည့် အကြမ်းဖက်မှုများပြုလုပ်ခဲ့သည်ကို သတင်းစားရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

စေကင်း ကျေးရွာ မူကြိုကျောင်း တာဝန်ခံဆရာမ လွေးအမ်ခယ်က "သူတို့ဖမ်းထားတဲ့လူတွေကို ကျွန်မရဲ့အိမ်ရှေ့မှာ စုပုံပြီးတော့ နေကြတယ်။ ပြီးတော့ ခြိမ်းခြောက်တယ်။ မင်းတို့တစ်ယောက် ထွက်သွားရင်၊ အကုန်လုံးသတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်။ ပြီးတော့ ကျွန်မကိုခေါ်ပြီးတော့ စစ်တယ်။ ဒီရွာမှာ သူပုန်ရှိလား။ ကျွန်မက အဲဒီသူပုန်ကိစ္စ ကျွန်မမသိ ဘူး။ အုပ်ချုပ်ရေးမှူးမေးပါလို့ ပြောတော့ ကျွန်မကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။" ဟု ပြောသည်။

နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအုပ်စု စေကင်းကျေးရွာ၊ မန့်ပန်ကျေးရွာ၊ မန်ပူးကျေးရွာနှင့် ပန်ယုတ်ကျေးရွာတို့ရှိ ပြည်သူ (၈၁) ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ စေကင်းကျေးရွာမှ အိုးအိမ်များကို ဖျက်ဆီးဖြစ်ကာ ရွှေငွေလက်ဝတ်ရတနာများနှင့် ငွေကြေး စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း (၃၀၀) ကျော်နှင့် တရုတ်ယွမ်ငွေ နှစ်သောင်းလေးထောင်ကို သိမ်းယူသွားခဲ့ သည်ဟုလည်း တအာင်းလူငယ်နှင့် ကျောင်းသားအဖွဲ့နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ လူ့အခွင့်ရေးကော်မရှင်သို့ တိုင်ကြားရာတွင် အထောက်အထားခိုင်လုံစေရန် ကူညီ သွားမည်ဟု Equality Myanmar၏ ဒါရိုက်တာကပြောသည်။

"ကျွန်တော်ကိုယ်တိုင်လည်း အဲဒီကိစ္စလုပ်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့ဆီမှာ လက်ရှိတင်ထားတဲ့ အထောက်အထား တိကျခိုင်လုံမှုရှိအောင်၊ လူ့အခွင့်ရေးကော်မရှင်အနေနဲ့ အချက်အလက် မခိုင်လုံလို့ ငြင်းလိုက်ရပါတယ် ဆိုတာ မဖြစ် ရအောင် ပြန်ပြီးတော့ စိစစ်ပါမယ်။ ပြီးတဲ့အခါကျရင် တိုင်ကြားတဲ့လူ အမည် (၃) ဦးနဲ့ သူတို့တိုင်ကြားလို့ရအောင် ပြင်ဆင်ပေးပါ့မယ်။" ဟု Equality Myanmar၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နမ့်ခမ်းနယ်မြေခံ တပ်မ (၈၈) တပ်မမှူးထံ တင်ပြတိုင် ကြားထားသော်လည်း ဒေသခံ ပြည်သူများကို ခေါ်ယူမေးမြန်းမှုများသာ ပြုလုပ်ခဲ့ပြီး ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မတွေ့ရ သေးကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly